DVB Logo
Home
Lead Story
လယ်သမားဘ၀တိုးတက်ဖို့ ရေခံမြေခံတွေ ဖြည့်ဆည်းပေးသင့်တယ် - ဦးအေးအောင်နှင့် အင်တာဗျူး
DVB
·
April 27, 2015
လယ်သမားဘ၀တိုးတက်ဖို့ ရေခံမြေခံတွေ ဖြည့်ဆည်းပေးသင့်တယ် - ဦးအေးအောင်နှင့် အင်တာဗျူး
Donate to DVB

မြန်မာ့ဆန်ကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ အိမ်နီးချင်းတရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တင်ပို့တော့မှာဖြစ်ပါတယ်။ ပြည်ပတင်ပို့ဆန်အများစုကို နယ်စပ်လမ်းကနေ တင်ပို့နေရာကနေ တရားဝင်လမ်းကြောင်းကနေ တရုတ်နိုင်ငံက ၀ယ်ယူတင်သွင်းမှုနဲ့ ပတ်သက်လို့ ဧရာဝတီိတိုင်း ဖျာပုံမြို့နယ်က ဆန်ကုန်သည် ဦးအေးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မကြာခင်ကာလအတွင်းမှာ မြန်မာ့ဆန်ကို တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ်ဆိုတော့ ဆန်လောကသား ကုန်သည်တွေရဲ့အနေအထားက ဘယ်လိုရှိလဲ။

"ကျနော့်တဦးတည်းစိတ်ဆန္ဒအရ တကယ်ပဲ တရုတ်ပြည်ကနေပြီးတော့ တကယ်ဝယ်မယ်၊ ကျနော်တို့ရဲ့ဆန်ကို Quality Control (အရည်အသွေးထိန်းချုပ်မှု) စစ်ဆေးမှု လျော့ပါးပြီးတော့ ၀ယ်ယူမယ်ဆိုရင်တော့ ကျနော်တို့က ၀မ်းသာပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလို နိုင်ငံခြားဈေးကွက်မှာ ကျနော်တို့အနေနဲ့ထိုးဖောက်လို့ နေရာ ၁ နေရာရရင် ကျနော်တို့ဒေသက တောင်သူလယ်သမားတွေအတွက် ဆန်ဈေးနှုန်းမှာ ပြည်တွင်းဈေးကွက်ထက်ပိုပြီး မြင့်မြင့်ရတဲ့အတွက် သူတို့ရဲ့ စီးပွားရေးအနေအထား နည်းနည်းတော့ ပိုပြီးတော့ အသက်ရှူပေါက်ပိုချောင်သွားမယ်လို့တော့ မြင်ပါတယ်။"

ပထမဆုံး ရန်ကုန်ကနေ သင်္ဘောတင်မယ်ဆိုတော့ မူဆယ်လမ်းကြောင်းကနေ သွားနေတာကိုရော အဟန့်အတားဖြစ်သွားနိုင်လား။

"မူဆယ်ဘက်က သွားမှာကတော့ စီးဆင်းမှု နည်းနည်းတော့  တန့်သွားတာပေါ့။ ဒါပေမယ့် ကုန်းလမ်းကြောင်းကတော့ လိုရာခရီးကို မြန်မြန်ထက်ထက် ပေါက်တယ်။ နောက်တခုက ရေလမ်းခရီးနဲ့သွားတဲ့အခါကျတော့ ရေလမ်းရဲ့ အချိန်ကြာမှုရယ်၊ နောက်တခါ ဆန်အရည်အသွေးပိုင်းလည်း ကျသွားနိုင်တာပေါ့လေ။ ကုန်းလမ်းကျတော့ မြန်တယ်လေ၊ ဒီကနေ့ဖျာပုံကနေတင်မယ်ဆိုရင် တပတ်အတွင်းဆို တရုတ်ပြည်ထဲကို ရောက်သွား နိုင်တာပေါ့။ သင်္ဘောနဲ့ကျတော့ သင်္ဘောရဲ့ဝန်ချိန်မပြည့်မချင်း ကြိုတင်စုဆောင်းနေရတာနဲ့၊ ပြီးမှ မော်တော်ထဲ ချမှာနဲ့၊ မော်တော်က ထွက်သွားမှာနဲ့ တလလောက်မှသူက ဟိုရောက်မယ်ထင်တာပဲ။ ဆိုတော့ အရည်အသွေး နည်းနည်းကျမယ်ထင်တယ်။"

တရားဝင်လမ်းကြောင်းက သွားမယ်ဆိုရင် ဆန်ဈေးက လျော့နည်းပြီးရမလား။ ပိုမိုရမလား။

" နှစ်မျိုးတော့ စဉ်းစားရမှာပေါ့။ တမျိုးက ပြည်တွင်းကသွားမယ်ဆိုရင် တရားဝင်သွားမယ်ဆိုရင် ငွေကြေးအားဖြင့်တော့ နည်းနည်းတော့ လျော့မယ်၊ အောက်လိုင်းနည်း (တရားမ၀င်) နဲ့ သွားမယ်ဆိုရင်တော့ ငွေကြေးပမာဏ နည်းနည်းလေး ပိုမယ်ထင်တာပဲ။ စိတ်ချယုံကြည်မှုကတော့ တရားဝင်လမ်းကြောင်းက ပိုပြီး လုံခြုံတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်ချင်း ချိတ်ဆက်ပြီးတော့ သွားရတဲ့ဟာကိုး။ ဟိုဘက် (နယ်စပ်) ကျတော့ တဦးနဲ့တဦး ယုံကြည်စိတ်ချမှုက ဘယ်လောက်ထိ ခိုင်ခိုင်မာမာရှိတယ်၊ ဘယ်လောက်ထိ ဘယ်ပေါ်မှာ ငွေသွင်းထား၊ ထုတ်ထားတယ်ဆိုတာ ဘယ်သူမှ သိပ်မသိရဘူးလေ။ "

 ပြည်ပကို ဆန်တင်ပို့တဲ့အခါ အရင်းနှီးအလတ်စားတွေ၊ အငယ်စားတွေ က အရင်းအနှီးအများအပြားစိုက်ထူထားသူတွေက လက်ဝါးကြီးအုပ်မှာတွေ စိုးရိမ်မှုရှိလား။

"အလတ်စားနဲ့ အငယ်စားကတော့ ကျနော်တို့ သိပ်ပူပန်မှု မရှိပါဘူး။ ကျနော်တို့ကတော့ နည်းနည်းပိုပြီးတော့ နိုင်ငံခြားဈေးကွက်ကို ရမယ်ဆိုရင် ကျနော်တို့ အလတ်စားနဲ့ အငယ်စားသမားတွေက ပိုပြီးတော့ ၀မ်းသာမှာပါ။ ဘာဖြစ်လို့တုန်းဆိုတော့ ဈေးနှုန်းနည်းနည်း ပိုရလာလိမ့်မယ်။ ကျနော်တို့ရဲ့ မြန်မာပြည်ကဆန်တွေ နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်နိုင်တယ်ဆိုတဲ့ အဆင့်တော့ ခြေလှမ်းတလှမ်းတိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတော့ ဖြစ်လာလိမ့်မယ်ထင်တာပဲ။ တရားဝင်လမ်းကြောင်း ပွင့်လာပြီဆိုရင်။"

ဒါဆိုဈေးကွက်ထဲမှာ ကုန်သည်တွေ၊ ပွဲစားတွေ ခြေချင်းလိမ်တဲ့အချိန်ကို ရောက်လာတော့မှာပေါ့၊ ကြိုတင်ရောင်းဝယ်တာတွေဖြစ်လာနိုင်မလား။

"ဒါကတော့ စီးပွားရေးသမားကတော့ အနည်းနဲ့အများကတော့ ရှိမှာပါ။ ဆိုလိုချင်တာက ဈေးကွက်တခုက တည်ငြိမ်နေပြီဆိုရင်တော့ အားလုံးက သူ့မိတ်၊ ကိုယ့်မိတ်နဲ့ပဲ အဆင်ပြေသွားမှာပါ။ ဈေးကွက်မတည်ငြိမ်ဘူးဆိုရင် လက်ဝါးကြီးအုပ်တဲ့စနစ်နဲ့ ခြေချင်းလိမ်မယ့်သဘောမှာ ရှိပါတယ်။"

 မြန်မာပြည်ရဲ့ ရာသီဥတု၊ လယ်သမားတွေရဲ့ အခြေအနေ၊ ငွေရင်းငွေနှီး၊ ဆန်ကြိတ်ခွဲစက် စတဲ့ အခြေခံအဆောက်အအုံပိုင်းတွေပေါ်မှာရော ဘယ်လို အမြင်ရှိသလဲ။

"ကျနော်တို့လယ်သမားတွေရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတုအခြေအနေက မဆိုးဝါးဘူး၊ မဖောက်ပြန်ဘူးဆိုရင် တော့ ထိုက်သင့်သလောက် အဆင်ပြေမှာပါ။ နောက်တခုက အစိုးရနေပြီးတော့လည်း လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်မယ်ဆိုရင်တော့ ငွေရေး၊ ကြေးရေး ထိုက်သင့်သလောက် ချီးမြှောက်ဖို့တော့ ကောင်းပါတယ်။ ဥပမာဆိုပါစို့ တဧကကို တစ်သိန်းနှုန်းပေးတဲ့အခါမှာ လယ်သမားတွေအတွက် မိုးတွင်းဘက်ရာသီမှာ ထိုက်သင့်စွာ အဆင်ပြေပါတယ်။ နွေရာသီဆိုရင်တော့ အဆင်မပြေဘူး။ နွေရာသီကျတော့ ကုန်ကျစရိတ်က တသိန်းရှစ်သောင်းလောက်ကုန်တာကိုး။ သီးထပ်ကိုလုပ်ရင်။ မိုး ကျတော့ ဓာတ်မြေသြဇာထည့်ရတာနည်းတယ်။  စက်သုံးဆီမောင်းရတာ နည်းတယ်။ နွေကျတော့ ဓာတ်မြေသြဇာပိုသုံးရတယ်။ ရေလိုရင် ရေမောင်းတင်ရတယ်။ ဒီဇယ်၊ ဓာတ်ဆီ၊ အလုပ်သမားစရိတ်၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းတဲ့စရိတ်တို့ အဲဒီစရိတ်တွေကလည်း နည်းနည်းပိုကြီးတယ်လေ။"

 မြန်မာဆန်စပါးလောက တိုးတက်အောင်၊ လယ်သမားတွေရဲ့ဘ၀တိုးတက်အောင် ဘာတွေပြုပြင်လုပ်ဆောင်ဖို့လိုပါသလဲ။

"လယ်သမားတွေရဲ့ဘ၀တိုးတက်အောင်ဆိုရင် ပထမဆုံးကတော့ လယ်သမားတွေ အဓိကလိုအပ်နေတဲ့ ဆည်မြောင်းတာတမံတွေကို ပြုပြင်ပြောင်းလဲပေးရမယ်။ ရေထုတ်မြောင်းတွေလုပ်ပေးရမယ်။ ကုန်ထုတ်လမ်းတွေ ဖောက်ပေးရမယ်။ နောက်တခါ လယ်ယာမြေကို ပြုပြင်ပေးရမယ်။ လယ်ယာမြေကို ကျနော်တို့က နိုင်ငံခြားက လယ်ယာမြေဖြစ်အောင် လယ်ယာမြေကို ညှိပေးရမယ်။ လယ်ယာမြေမှာရှိတဲ့မြေကြီးကို စမ်းသပ်ပေးရမယ်။ မြေကြီးကို စမ်းသပ်ဖို့က မြေကြီးထဲမှာ အငန်ဓာတ်၊ အဖန်ဓာတ် အချဉ်ဓာတ် ဘယ်လောက်များသလဲ။ ဘယ်ဟာမျိုးက ပြုပြင်ပြောင်းလဲလို့ရမလဲဆိုတာမျိုးတွေ အဲဒီလို လုပ်ပေးမှသာလျှင် ဒီလိုလုပ်ပေးမှ ဒီလယ်သမားက ဘယ်စပါးမျိုးစိုက်မှ သူ့အတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာကို လုပ်ပေးမှသာလျှင် လယ်သမားတွေဘ၀ တိုးတက်ပြောင်းလဲ လာနိုင်မယ်လို့ မြင်ပါတယ်။"

အခုနှစ်ပိုင်းတွေမှာ လယ်သမားတွေဟာ အရင်ကနဲ့မတူပဲ ဆက်သွယ်ရေး လမ်းကြောင်းတိုးတက်ပြီး တယ်လီဖုန်းတွေ ပိုမိုသုံးစွဲလာကြတော့ သတင်းအချက်အလက် ရယူမှုမှာ တိုးတက်လာကြမှာပေါ့။

"သတင်းအချက်အလက်ရရှိမှုအနေနဲ့ တယ်လီဖုန်းတွေ ပေါ်လာတဲ့အခါကျတော့  အခုက လယ်သမားအားလုံး မိသားစုတစုမှာ ပုံမှန်တယ်လီဖုန်းတလုံးလောက်တော့ ရှိကြတယ်။  ရန်ကုန်ပေါက်ဈေးကိုပဲ ကြည့်ကြည့် ကျနော်တို့ မြို့ပေါ်ပေါက်ဈေးကိုပဲကြည့်ကြည့် အမြဲတမ်းသူတို့ စုံစမ်းပြီး၊ မေးမြန်းပြီးတော့ ကုန်ဈေးနှုန်းအတက်အကျပေါ်မှာ သူတို့ရဲ့ စပါးရောင်းချမှုကို အဲဒီလို ထုတ်လုပ်ပြီး ရောင်းချကြတယ်။ အရင်တုန်းကတော့ ဒီလိုမဟုတ်ဘူးလေ။ ဒီလိုအဆက်အသွယ်မရှိတဲ့အခါကျတော့ ကုန်သည်ရဲ့ ပြောတဲ့ ဈေးနှုန်းမှာပဲ သူတို့က ချိန်ပြီးတော့ ရောင်းရမှာ။ အခုကျတော့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာပဲ ကြိုက်တဲ့မြို့ကို ဆက်ပြီးတော့ ဈေးနှုန်းစုံစမ်းလို့ရတယ်။ စုံစမ်းပြီးတော့ သူတို့ရဲ့ ထုတ်လုပ်ရောင်းချမှုကို ကိုက်ညီတယ်ဆိုရင် သူတို့ ရောင်းချပေးမယ်။  တယ်လီဖုန်းတွေ ပေါ်လာတော့ အတော်လေး အဆင်ပြေပါတယ်။ ကောင်းပါတယ်။"

 နိုင်ငံတ၀န်းမှာ လယ်ယာသိမ်းဆည်းထားမှုတွေက လယ်ယာကဏ္ဍတိုးတက်ရေးမှာ ဘယ်လောက်အခက်အခဲဖြစ်နေတာ တွေ့ရလဲ။

"ကျနော့်တဦးအမြင်ကတော့ အဟန့်အတားဖြစ်တာကတော့ အများကြီးပါပဲ။ မူလလယ်သမားတွေကိုလည်း ထိုက်သင့်သလောက် ပြန်ပြီး ပေးသင့်တယ်လို့ မြင်ပါတယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013