
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လဲ့ဟွိုင်ချုန်းဟာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီနဲ့ ပြုံယမ်းမြို့တော်မှာ မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KRT နိုင်ငံပိုင်ရုပ်သံသတင်းမှာ ထုတ်လွှင့်သွားပါတယ်။
ဆွေးနွေးပွဲမှာ ၂ နိုင်ငံကြား ကဏ္ဍစုံမှာ အပြန်အလှန် ထိတွေ့ဖလှယ် ဆက်ဆံမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ သဘောတူခဲ့ကြသလို၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဖွဲ့အစည်း အချင်းချင်းကြားမှာလည်း ဗျူဟာမြောက် ဆက်သွယ်မှုနဲ့ အပြန်အလှန် ထောက်ခံအားပေးမှုတွေကို အားကောင်းအောင် လုပ်ဆောင်ဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေး ကိစ္စရပ်တွေ အပေါ်မှာလည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
ခရီးစဉ်အတွင်းမှာ ဝန်ကြီးလဲ့ဟွိုင်ချုန်းဟာ မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူး ဂင်မ်ဆုန်းနမ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံကြား နိုင်ငံရေးအရ ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
ဝန်ကြီး လဲ့ဟွိုင်ချုန်းဟာ ဗီယက်နမ်ခေါင်းဆောင် တိုးလမ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် မေ ၁၂ ရက်ကတည်းက မြို့တော်ပြုံယမ်းကို ရောက်ရှိနေတာ ဖြစ်ပါတယ်။










