ထိုင်းနိုင်ငံမှာ အမည်ခံ နိုင်ငံခြားသားကုမ္ပဏီနဲ့ မြေယာပိုင်ဆိုင်မှုတွေကို တစိုက်မတ်မတ် စစ်ဆေး အရေးယူလျက်ရှိတာမှာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းကျွန်းမှာလည်း အမည်ခံ (နိုမီနီ) နိုင်ငံခြားကုမ္ပဏီ ၁၁၂ ခု စစ်ဆေးတွေ့ရှိပြီး ဖျက်သိမ်းဖို့ ညွှန်ကြားထားကြောင်း ဩဂုတ် ၂၃ ရက်ထုတ် မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကော်ဖငန်းကျွန်းပေါ်မှာ မြေယာဝယ်ယူပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီပေါင်း ၁,၈၃၂ ခု ရှိတဲ့အနက် ဥပဒေက သတ်မှတ်ထားတဲ့ နိုင်ငံခြားသား ရှယ်ယာပါဝင်မှုနှုန်းထက် ကျော်လွန်နေတဲ့ ကုမ္ပဏီပေါင်း ၁၁၂ ခုရှိတယ်၊ ဒါကြောင့် အဲဒီကုမ္ပဏီတွေရဲ့ မြေယာပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းတွေ ပယ်ဖျက်ဖို့ စူရတ်ဌာနီခရိုင် အုပ်ချုပ်ရေးမှူး နိုင်းကျုမ်ဖို့တ် ဝမ်နချတ်ဆီရီက ညွှန်ကြားထားတယ်။
မြေယာပိုင်ဆိုင်မှုတွေ ခွဲခြားရာမှာ ပုံမှန်အထွေထွေကုမ္ပဏီက ၉၃ ဒသမ ၉ ရာခိုင်နှုန်း၊ ဥပဒေက သတ်မှတ်ထားတဲ့ နိုင်ငံခြားသား ရှယ်ယာပါဝင်မှု ပမဏထက် ကျော်လွန်တဲ့ ကုမ္ပဏီက ၅ ဒသမ ၇ ရာခိုင်နှုန်း (၁၁၂ ခု) နဲ့ ခရိုင်ဝန်အမိန့်နဲ့ ဖျက်သိမ်းခဲ့ပြီးတဲ့ ကုမ္ပဏီမှာ သုည ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်။
ဥပဒေကျော်လွန်ပြီး အမည်ခံ မြေယာပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားသား ၁၁၂ ယောက်အနက် စစ်ဆေးပြီးသူ ၁၀၄ ယောက်ရှိပြီး တရားရုံးက စီရင်ချက်ချခံရပြီးသူ ၈ ယောက် ပါဝင်တယ်၊ အဲဒီကုမ္ပဏီတွေဟာ ၃၅ ဧကခန့် ကျယ်ဝန်းတဲ့ မြေပေါ်က အကွက်ပေါင်း ၁၂၄ ကွက်ကို ပိုင်ဆိုင်ထားကြတယ်လို့ ဆိုပါတယ်။
စစ်ဆေးပြီးစီးသူ နိုင်ငံခြားသား ၁၀၄ ယောက်မှာလည်း ခရိုင်ဝန်အမိန့်နဲ့ ဖျက်သိမ်းမဲ့သူ ၂၈ ယောက်၊ မြေစာရင်းရုံးက ပယ်ဖျက်ဖို့ စိစစ်ဆဲ ၇၆ ယောက် ရှိတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ကျန်ရှိနေသေးတဲ့ အမှုတွေကို အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: MGROnline











