DVB Logo
Home
မြန်မာသတင်း
ငလျင်အတွက် ကြိုတင် ပြင်ဆင်ရန်
DVB
·
April 26, 2015
ငလျင်အတွက် ကြိုတင် ပြင်ဆင်ရန်
Donate to DVB

ငလျင်များသည် ရုတ်ချည်း ပြင်းထန်စွာ ဆိုင်းမဆင့်ဗုံမပါ ဖြစ်ပွားတတ်စမြဲဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို စောစောစီးစီး ရှာဖွေဖော်ထုတ်ကာ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ငလျင်ဒဏ်ကြောင့် အပြင်း အထန်ဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးခြင်း အန္တရာယ်များကို လျော့ပါးစေနိုင်ပါသည်။

ငလျင်မလှုပ်မီ အိမ်မှ အန္တရာယ်များကို စစ်ဆေးပါ။


  • စင်များကို နံရံတွင် ခိုင်ခိုင်မြဲမြဲ တွဲနေပါစေ။

  • ကြီးမားသော၊ လေးလံသော ပစ္စည်းများကို စင်အနိမ့်များပေါ်တွင်ထားပါ။

  • ပုလင်းသွပ်ပစ္စည်းများ၊ ဖန်ခွက်များ၊ ကြွေထည်များစသည့် ကွဲလွယ်သော ပစ္စည်းများကို နိမ့်ပြီး တံခါးချက်များပါသော ကြောင်အိမ်များ၊ ဘီရိုများဖြင့် ထားပါ။

  • ဓာတ်ပုံများ၊ မှန်များကဲ့သို့ လေးလံသော ပစ္စည်းများကို အိပ်ရာ၊ ထိုင်ခုံများအပါအဝင် လူထိုင်သော နေရာများနှင့် ခပ်ဝေးဝေးမှာ ထားပါ။

  • မျက်နှာကြက်တွင်တပ်ဆင်ထားသော မီးအိမ်၊ မီးဆွဲများကို ကောင်းစွာ ထိန်းချုပ်တပ်ဆင်ထားပါ။

  • ပျက်စီးနေသော ဓာတ်မီးကြိုးများ၊ ဓာတ်ငွေ့ပိုက်ဆက်များကို ပြုပြင်ပါ။ ယင်းတို့သည် မီးဘေးအန္တရာယ်ကို ဖြစ်ပွားစေနိုင်ပါသည်။

  • ရေအပူပေးစက်ကို နံရံတွင် ခိုင်မြဲစွာ တပ်ဆင်ပြီး ကြမ်းပေါ်တွင်လည်း မြဲမြံအောင် ဝက်အူစုပ်ထားပါ။

  • မျက်နှာကြက်နှင့် အဆောက်အဦအောက်ခြေများ နက်နဲစွာ အက်ကွဲနေလျှင် ပြုပင်ပါ။ ယင်းသို့အက်ကွဲနေခြင်းသည် အဆောက်အဦ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ထိခိုက်စေမည့် ပုံပေါ်နေလျှင် နားလည်တတ်ကျွမ်းကျင်သူများနှင့်ဆွေးနွေးပါ။

  • ပေါင်းသတ်ဆေးများ၊ ပိုးသတ်ဆေးများနှင့် အခြား မီးလောင်လွယ်သော ပစ္စည်းများကို အလုံပိတ်ထားသော ဘီရိုများ၏ အောက်ဆင့်များတွင် သိမ်းဆည်းပါ။


အခန်းတခုစီအတွင်းတွင် ဘေးကင်းသော နေရာများကို ကြည့်ထားပါ။ငလျင်လှုပ်လျှင် ပုန်းခိုရန်ဖြစ်သည်။

  • စာရေးစားပွဲကြီး၊ သို့မဟုတ် စားပွဲကြီးများကဲ့သို့ ခိုင်ခန့်သော ပရိဘောဂများ အောက်။

  • အတွင်းဘက် နံရံနှင့်ကပ်လျက်။

  • မှန်ကွဲစများ လွင့်စင်ကျလာနိုင်သော ပြတင်းများ၊ မှန်များ၊ ဓာတ်ပုံများ၊ လဲကျနိုင်သော စာအုပ်စင်များနှင့် အခြား အိမ်ထောင် ပရိဘောဂများနှင့် ဝေးသောနေရာ။


အရေးပေါ်ပစ္စည်းများ အလွယ်တကူ ရှိနေပါစေ

  •    လက်နှိပ်ဓာတ်မီးနှင့် ဓာတ်ခဲအပိုများ။

  •    ဓာတ်ခဲသုံး ရေဒီယိုအငယ်နှင့် ဓာတ်ခဲအပိုများ။ (သတင်းပလင်းအတွက်)

  •    ရှေးဦးသူနာပြုပစ္စည်းထုတ်/သေတ္တာ၊ ရှေးဦးသူနာပြု လက်စွဲစာအုပ်။ (ရှိလျှင် ကောင်းသည်။ မရှိလျှင် ဆောင်ပါတော့။)

  •    အရေးပေါ် အစားအစာနှင့် သောက်ရေ။

  • စည်သွပ်ဘူးဖောက်တံ။

  •    မရှိမဖြစ် လိုအပ်သော ဆေးဝါးများ။

  •    ငွေကြေး။

  •    ခိုင်ခန့်သော ဘိနပ်များ။


ငလျင်လှုပ်နေစဉ် အဆောက်အအုံအတွင်း၌ ရှိနေလျှင်

  • ခိုင်မာလေးလံသော အိမ်ထောင်ပရိဘောဂအောက်တွင်ဖြစ်စေ၊ အတွင်းဘက်နံရံ အနားတွင်ဖြစ်စေ ကပ်နေပြီး တစ်ခုခုကို ဆွဲကိုင်ကာ မိမိကိုယ်ကို မြဲနေအောင် ဆောင်ရွက်ပါ။

  • နေအိမ်အဆောက်အအုံထဲတွင်သာ နေပါ။

  • ပစ္စည်းများကျလာနိုင်သဖြင့် ငလျင်လှုပ်နေစဉ်အတွင်း အဆောက်အအုံမှ ထွက်ခွာသွားခြင်းသည် အန္တရာယ်အကြီးဆုံးဖြစ်ပါသည်။


ငလျင်လှုပ်နေစဉ် ပြင်ပသို့ရောက်နေလျှင်

  • အဆောက်အအုံများ၊ ဓာတ်တိုင်များ၊ ဓာတ်ကြိုးများနှင့် ဝေးရာ ကွင်းပြင်ကျယ်သို့ ရွှေ့ပါ။

  • ကွင်းပြင်သို့ ရောက်လျှင် လှုပ်ခါမှုများ ရပ်ဆိုင်းသည်အထိ ထိုနေရာတွင်သာ နေပါ။


ငလျင်လှုပ်နေစဉ် သွားနေသော ကားပေါ်၌ ရောက်နေလျှင်

  • ကားကို အမြန်ဆုံးရပ်ပြီး ကားထဲမှာသာ နေပါ။

  • အဆောက်အအုံများ၊ သစ်ပင်များ၊ မိုးပျံတံတားများ၊ ဓာတ်ကြိုးများနှင့် ဝေးသော နေရာသို့ မောင်းသွားပါ။

  • ငလျင်မလှုပ်တော့လျှင် ငလျင်ဒဏ်ကြောင့် ပျက်စီးနေနိုင်ဘွယ်ရှိသည့် တံတားများ၊ ခုံးများ၊ ရေကျော်များကို ရှောင်ကွင်းကာ သတိထားပြီး ခရီးဆက်ပါ။


(နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက သူတို့ဝန်ထမ်းများအတွက် အရေးပေါ်အခြေအနေ အရပ်ရပ်ကို ကြိုတင် ပြင်ဆင်ရန် လက်စွဲစာအုပ် ထုတ်ဝေရာမှာ အဲဒီ့စာအုပ်ကို ကျနော်က မြန်မာဘာသာကို ပြန်ဆိုပေး ခဲ့ရဖူးပါတယ်။ အဲဒီ့ ပြန်ဆိုချက်ထဲက ငလျင်နဲ့ ပတ်သက်တဲ့အပိုင်းကို ကောက်နုတ်တင်ဆက်လိုက်တာပါပဲ။)

မှတ်ချက်-စာရေးသူ အတ္တကျော်၏ 25 March 2011တွင် တင်ထားခဲ့သည့် ဘလော့စာမျက်နှာမှ စာရေးသူခွင့်ပြုချက်ဖြင့် ဖော်ပြလိုက်ပါသည်။

ကိုးကား - http://atkbooks.com/2011/03/25/1705/

အတ္တကျော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013