DVB Logo
Home
မြန်မာသတင်း
နီပေါငလျင်ဒဏ်ကြောင့် မြန်မာတရားရိပ်သာကျောင်းအုတ်တံတိုင်းပြိုကျပျက်စီး- မေးမြန်းချက်
DVB
·
April 26, 2015
နီပေါငလျင်ဒဏ်ကြောင့် မြန်မာတရားရိပ်သာကျောင်းအုတ်တံတိုင်းပြိုကျပျက်စီး- မေးမြန်းချက်
Donate to DVB

နီပေါနိုင်ငံမှာ နှစ်ပေါင်း ၈၀ ကျော်အတွင်း အင်အားအပြင်းဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီ ၂၆ ရက် မနက် အထိ သေဆုံးသူ ၂၀၀၀ နီးပါးရှိနေပြီး ရာစုနှစ်ချီ ရှေးဟောင်း စေတီဘုရားတွေ ၊ အဆောက်အဦတွေပြိုကျ ပျက်စီး သွားခဲ့ပါတယ်။ ငလျင်ကြောင့် မြို့တော် ခတ္တမန်ဒူက မြန်မာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတရားရိပ်သာ (IBMC) ခြံဝင်းနံရံ အုတ်တံတိုင်းတွေလည်း ပြိုကျပျက်စီးသွားပါတယ်။ မြန်မာတရားရိပ်သာကျောင်း (IBMC) တာဝန်ခံ ဆရာတော် ဦးညာဏုဇ္ဇောတဘိဝံသကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့တုန်းက နီပေါနိုင်ငံမှာ အင်အားပြင်းမြေငလျင်ကြီး လှုပ်ခတ်သွားတယ်တယ်လို့ တပည့်တော်တို့ သတင်းတွေ ကြားသိရတယ်၊ အရှင်ဘုရားတို့ ကျောင်းမှာရော ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတာရှိလားလို့ သိချင်လို့ပါဘုရား။

"အဆောက်အအုံတွေတော့ ဘာမှမဖြစ်လိုက်ပါဘူး၊ ကျောင်းမှာ ကာထားတဲ့ အုပ်တံတိုင်း တခြမ်း အုပ်တံ တိုင်း ပေ ၅၀ လောက်နံရံတွေပြိုကျသွားတယ်။ ဟိုဘက်ကလည်းပဲ ၇၅ ပေလောက် နှစ်ခြမ်းစလုံး နံရံတွေပြိုသွားလိုက်တာပေါ့နော်။ ပင်မအဆောက် အအုံကတော့ ဘာမှမဖြစ်ပါဘူး။"

ငလျင်လှုပ်တာ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ဆိုတော့ အဲဒီအချိန်က အရှင်ဘုရားတို့ ဆွမ်းစားနေချိန် မှာ ဖြစ်တာလား။ ငလျင်ဒဏ်ကို ဘယ်လိုမျိုးသိရှိခံစားခဲ့ရလဲဘုရား။

တချို့လည်းဆွမ်းစားတုန်းပေါ့၊ ဘုန်းကြီးကတော့ ဆွမ်းတော့စားပြီးပါပြီ၊ ဆွမ်းစားစားပွဲမှာပဲ ရှိတယ်။ လှုပ်ပြီဆို တာနဲ့ သဘောပေါက်မိတယ်။ ပထမတချီက အပြင်းထန်ဆုံး အချီကြီး ဖြစ်သွားတာပဲ။ အစပျိုးတဲ့ဟာမရှိဘူး။ အဲဒီမှာပဲထိုင်နေလိုက်တယ်။ ပြီးမှဘဲ ဘုန်းကြီးတို့ အပြင်ဘက်ထွက်ပြီးတော့ ကွင်းပြင်မှာ စုထိုင်လိုက်ကြ တာပေါ့။ ညနေ ၅ နာရီ ၊ ၇ နာရီ နောက် တညလုံးပဲ အဲသလိုပဲနေလိုက်ကြတော့တယ်။

အရှင်ဘုရားတို့ကျောင်းမှာ သီတင်းသုံးနေတာ သံဃာတော်တွေရော တရားကျင့်နေတဲ့ ယောဂီတွေရော အားလုံးဘယ်လောက်လောက်ရှိလဲ၊ ငလျင်ကြောင့်ထိခိုက် ဒဏ်ရာရတာ တွေရှိလားဘုရား။

"သံဃာတွေ၊ ယောဂီတွေလည်း အထိအခိုက်မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ အားလုံး ၆၅ ပါးလောက်တော့ရှိတာပေါ့။"

ငလျင်က ပိုခရာနဲ့ ခတ္တမန်ဒူအကြားမှာ ဗဟိုပြုပြီး အဓိကလှုပ်သွားတယ်လို့ သိရပါတယ်၊ အရှင်ဘုရားတို့ကျောင်းနဲ့ တကယ်အထိအခိုက်အပျက်အစီးများတဲ့ နေရာတွေနဲ့ ဘယ်လောက်ဝေးလဲဘုရား။

"မဝေးဘူး ကားစီးရင် ၁၅ မိနစ်လောက် သွားရင်တောင်ရောက်တယ်၊ အဲဒီမှာ မြို့ဟောင်းတခုလုံး ပြိုကျသွား တယ်လို့ ပြောတယ်။ လူတွေအသေအပျောက်လည်းရှိကြတယ်။ တော်တော်များများကို ပျက်စီးကြတယ်ပြော တယ်။"

ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်း အရှင်ဘုရားရော မြို့ထဲကို သွားကြည့်ဖြစ်သေးလားဘုရား မျက်မြင်တွေ့ ရသလောက် အပျက်အစီးအသေအပျောက် ဘယ်လောက်အတိုင်း အတာအထိရှိလဲ။

"မနေ့က ညနေပိုင်း ထွက်ကြည့်လိုက်ပါတယ်။ ဒီမြစ်ဘေးကို၊ ညနေပိုင်းထွက်ကြည့်တော့လည်း လူတွေက ဒီလိုပါပဲ ကြောက်ကြောက်လန့်လန့်ပါပဲ။ ဌာနဆိုင်ရာကလည်း ညနေပိုင်း ပြန်လှုပ်နိုင်တယ်လို့ ကြေညာ ထားတယ်။ လူတွေက လမ်းထဲမှာပဲထွက်ပြီး ထိုင်နေရတယ်၊ မိသားစုလိုက်လေ။ ညပိုင်းရောက်လာပြန်တော့ လည်း ညအိပ်ဖို့ ကျောင်းဘေးက ကွင်းပြင်ထဲမှာပဲ အကုန်လုံးစုအိပ်ကြတော့တာပေါ့။ ကားရှိတဲ့လူကလည်း ကားယူလာပြီး အဲဒီလိုပဲ ကားထိုးအိပ်ရတယ်၊ မနက်ခင်းကျတော့နှင်းကလည်းကျတယ်။ အေးတော့ တချို့လည်း ထီးလေးတွေဆောင်းပြီးတော့ ကွင်းထဲမှာ အိပ်ကြတာပဲ။"

ငလျင်ကြီးလှုပ်ပြီးတော့ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေရော ဒီနေ့ ထပ်လှုပ်တာ ခံစားရသေးလားဘုရား။

"လာတယ် ည ၁၀နာရီခွဲမှာ နှစ် ကြိမ်လာတယ်။ ည ၁နာရီမှာ တကြိမ်လာတယ်။ မနက် ၅ နာရီမှာ ခပ်ပြင်းပြင်း တကြိမ်လာတယ်။ လေးကြိမ်လာတယ်။ ယောဂီတွေကတော့ အကုန်လုံး နိုးလျက်ပဲဖြစ်နေတယ်။ ပတ်ဝန်းကျင်မှာတော့ အသံတွေဆူညံနေတာပါပဲ။"

နီပေါမှာအရှင်ဘုရားတို့ ကျောင်းအပြင် တခြားမြန်မာနိုင်ငံကလာဖွင့်ထားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေရော ငလျင်ဒဏ်ခံရတာရှိလားဘုရား။

"အဲဒီလိုတော့ မရှိပါဘူး။ ဒီမှာတော့ ဘုန်းကြီးတို့ ဌာန တခုထဲပဲရှိတယ်လို့ ပြောကြပါစို့၊ လုမ္ဗိနီမှာ လည်း မြန်မာကျောင်းတွေ ရှိတယ်။ သူတို့လည်း ပျက်စီးတယ်လို့ အသံမကြားပါဘူး။

နိုင်ငံခြားသားတချို့ သေဆုံးတာတွေရှိတယ်လို့ သတင်းတွေတွေ့ရတယ် ဒီငလျင်ဒဏ် ခံရပြီး မြန်မာနိုင်ငံသား တွေ ထိခိုက်သေဆုံးတာတွေရှိလား။ ကြားမိလားဘုရား။

"မြန်မာနိုင်ငံသားတွေမကြားမိပါဘူး။ မဆက်သွယ်မိကြဘူး။ ကြားရသလောက်လည်း အန္တရာယ်ရှိတယ်လို့ မကြားရပါဘူး။"

ငလျင်လှုပ်တဲ့နေရာဟာ ဗုဒ္ဓဂါယာနဲ့လည်း နီးတယ်ဆိုတော့ သမိုင်းဝင် ဗုဒ္ဓအမွေအနှစ်တွေရော ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ အရှင်ဘုရားတို့ ကြားမိလား။

"ဗုဒ္ဓဂါယာပျက်စီးတယ်လို့တော့မကြားဘူး။ အဆိုးဆုံးကတော့ ဘုန်းကြီးတို့ ခတ္တမန်ဒူနဲ့ ပေါက္ခရပေါ့၊   ပေါက္ခရဆိုတာက လုမ္ဗိနီနဲ့ ခတ္တမန်ဒူနဲ့ အလယ်လောက်ကြားမှာရှိတာကိုး"

လက်ရှိ အရှင်ဘုရားတို့ ကျောင်းမှာရော ငလျင်ဒဏ်နဲ့ပတ်သက်ပြီးတော့ အကူအညီတွေ ဘာတွေ လိုအပ်နေတာရှိပါလဲဘုရား။

"ဘုန်းကြီးတို့ကျောင်း အပျက်အစီးကလည်းသိပ်မရှိ လူအထိအခိုက်လည်းမရှိတော့ အကူအညီကလည်း အထူးတော့ မလိုပါဘူး။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013