DVB Logo
Home
ရွေးကောက်ပွဲ
အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို - မေးမြန်းချက်
DVB
·
April 25, 2015
အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို - မေးမြန်းချက်
Donate to DVB

ရွေးကောက်ပွဲဝင်ဖို့အတွက် လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ရထားတာတဲ့ပါတီပေါင်း ၇၁ ပါတီရှိနေပြီး မှတ်ပုံတင်လျောက်ထားဆဲပါတီ ၁၇ ပါတီရှိနေပါတယ်။ ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရက်က ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ထပ်ပါတီတွေ ထပ်မံလျောက်ထားမယ့် အလားအလာတွေလည်းရှိနေပါတယ်။ ဒီထဲက အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ သတင်းတွေထွက်ပေါ်နေပြီး လူတွေ စိတ်ဝင်စားနေတဲ့ အမျိုးသားပါတီက နာယက ဦးနေဇင်လတ်ကို ဒီဗွီဘီ ကသီးသန့်မေးမြန်းထားပါတယ်။

အသစ်ဖွဲစည်းလိုက်တဲ့ ပါတီနာမည်ဘယ်လိုပေးထားလဲ၊ ဥက္ကဋ္ဌအဖြစ်ကော ဘယ်သူက တာဝန်ယူထားပါလဲ။

“ပါတီနာမည်ကတော့ National Party ဗျ။ အမျိုးသားပါတီပေါ့နော်။ အဲ့တာလောက်တော့ ကျနော်ပြော လို့ရတယ်။ နောက်သူတို့ဘာသူတို့ ဥက္ကဋ္ဌ ကဘယ်သူ ဒု-ဥက္ကဋ္ဌက ဘယ်သူဆိုတာ သတ်မှတ်ထားတာတော့ ရှိတယ်။ ကျနော်ကတော့ အခုချိန်မှာ ပါတီဖွဲ့စည်းခွင့်မကျသေးတော့ကြိုပြောလို့ မကောင်းသေးဘူး။ သတင်း ထွက်သွားတာက ကျနော်က နာယက၊ နာယကကနေပြီးတော့ ဥက္ကဋ္ဌနဲ့များ မှားနေကြလားမသိဘူး၊ ကျနော်ထောင်တဲ့ပါတီပဲဖြစ်နေကြတယ်။ မှားတယ်ဗျ။”

ပါတီဝင်ဦးရေ ဘယ်လောက်ရှိမလဲ။

“သူတို့ပြောတာကတော့ သူတို့အစီစဉ်လေးကကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့  ဒီသင်တန်းကလည်း Master level လောက်ထိတတ်ထားပြီးပြီ နဂိုကတည်းကလည်း ပြင်ပအတွေ့အကြုံကိုသူတို့ အားကောင်းခဲ့တဲ့ သူတွေဖြစ်တာကြောင့် သူတို့ တကယ့် well structure လုပ်ထားပါတယ်။ အဲ့တော့ ကျနော်ကတော့ သူတို့ guide ပဲလုပ်ပေးရတာပေါ့ဗျာ။ ဥပမာအားဖြင့် ရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့ တရားဝင်မကျသေးတဲ့ အချိန်မှာတော့ ကြိုပြီး သတင်းပေးတာတော့မကောင်းဘူး။ အဲ့တာဆိုရင် ပါတီစည်းကမ်းဖောက်ဖျက်ရာ ကျမယ်။ အဲ့တော့ ကျလာလို့ရှိရင်တော့ သူတို့ Press လုပ်မှာပါ။ အဲ့ဒီကျရင် ပါတီဖွဲ့စည်းပုံ၊ နိုင်ငံခြားရေး မူဝါဒတွေ၊ ပြည်တွင်းမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ပညာရေးနဲ့ ပတ်သတ်တဲ့မူဝါဒတွေ အကုန်လုံးသူတို့ ချပြမှာပါ။”

သတင်းတွေထွက်ပေါ်နေတာကတော့ ပါတီမှာ အငြိမ်းစားယူထားတဲ့ စစ်ဘက်က လူကြီးတွေ ပါဝင်တယ် ဆိုတာဟုတ်ပါသလား။ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားပါသလဲ။

“နံပါတ် ၁ ကတော့ အရင်က လူကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတို့ ဘာတို့ ပါတယ်ဆိုတာကတော့ လုံးဝ မဟုတ် ပါဘူး။ အဓိက ပါဝင်ကြတာက ဒီလိုဗျ။ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီးတော့ ကျနော် သင်တန်းတွေ ဖွင့်ပေးတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ ကနေ သင်တန်းတွေဖွင့်ပေးတယ်။ အဲ့သင်တန်းကို တက်ရောက်ခွင့်ရှိသူတွေ အကုန်လုံး၊ နိုင်ငံရေးပါတီ မည်သည့်ပါတီမဆို တက်ရောက်ခွင့်ရှိတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေလည်း တက်ရောက်ခွင့်ရှိတယ်။ NGO ၊ INGO တွေလည်းတက်ခွင့်ရှိတယ်။ သာမာန်ပြည်သူတွေလည်း တက်တယ်။ Free to All ပေးထားပါတယ်။ အဲ့ဒီမှာ နိုင်ငံရေးစီမံခန့်ခွဲမှု ဆိုပြီးတခုဖွင့်တယ်။ နောက်တခုကတော့ public administration ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုပြီး တခုဖွင့်တယ်။  နောက်တခုက စီးပွားရေးစီမံခန့်ခွဲရေးဆိုပြီးတခုဖွင့်တယ်။ တိုင်းပြည်အတွက်က ဒီသုံးချက်က ဒီကဏ္ဍသုံးခုက တော်တော်လေးလိုအပ်တယ်လို့ ကျနော် ယူဆတယ်။

nzlနံပါတ်တစ် ကတော့ ကျနော်တို့ နိုင်ငံရေး ကို ကောင်းကောင်း မသိခဲ့ဘူး။ နိုင်ငံရေးကို သိရမယ်။ သိပြီးရင်လည်း အဲ့ဒီနိုင်ငံရေးကို ဘယ်လိုစီမံခန့် ခွဲရမလဲဆိုတဲ့ အတတ်ပညာ ကိုလည်း သိရ မယ်။ နောက်တခုက သူတို့ အရွေးချယ်ခံကြ ရတယ် ဆိုရင် ထိတွေ့ရမှာက ပြည်သူတွေနဲ့ပဲလေ။ အဲ့တော့ ပြည်သူ့ရေးရာဘာသာရပ်ကို ကျနော် Master level ထိသင်ပေးပါတယ်။ နောက်တခုက တိုင်းပြည် တပြည်မှာ အမြဲတန်း လိုအပ်နေတာက စီးပွားရေးပဲ။ စီးပွားရေး စီမံခန့်ခွဲမှုကိုလည်း Master level ထိသင်ပေးပါတယ်။ အဲ့သုံးခုကို တစ်ပါတီ နှစ်ပါတီထဲမဟုတ်ပဲ  free ပေါ့။ အားလုံးကို ဖွင့်ပေးလိုက်တယ်။ ကျနော့်ဆီမှာ NLD တို့ NDF တို့ အစုံပဲ၊ တိုင်းရင်းသားပါတီတွေလည်းပါပါတယ်။ ပါတီပေါင်း ၂၀ ကျော် လာတတ်ကြတယ်။ နဂိုတည်းက လာတတ် ထဲက ရည်ရွယ်ချက် တချို့ရှိကြတယ်လေ။ လွန်ခဲ့တဲ့ သုံးနှစ်ထဲက ပေါ့။ တချိန်ကြရင် နိုင်ငံရေးပါတီထောင်မယ်။ ရွေးကောက်ပွဲဝင်ကြမယ်။ ဆိုတော့ အဲ့တာကို ကျွန်တော်က မည်သူမည်သည့်ပါတီပဲထောင်ထောင်ပေါ့ ကျနော်ကကျောင်းကနေပြီးတော့ ကူညီပံပိုးပေး တယ်။ ဆိုတော့ ဒီအခုထောင်လိုက်တဲ့ ပါတီက အဲ့ဒီထဲကပေါ့ background အမျိုးမျိုးနဲ့ပေါ့။ အထူးသဖြင့် ကတော့ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ နိုင်ငံကို တစုံတရာ တိုးတက်အောင်လုပ်ချင်သူတွေ စုဖွဲ့ထားတဲ့ ပါတီဖြစ်ပါတယ်။

ဒါဆို တခြားပါတီတွေကနေ ကူးပြောင်းလာသူတွေ ဝင်လာတဲ့သူတွေ ရှိတယ်လို့ ပြောလို့ရမလား။

“အများစု ၉၅ % ကတော့ လူသစ်တွေချည်းပဲဗျ။ ၅% တော့ ရှိမလားမသိဘူး။ တချို့ကတော့ ကိုယ့်ပါတီကို စိတ်ကုန်ပြီးဝင်လာမယ့်သူတော့ တယောက်စ နှစ်ယောက်စ ရှိမယ်လို့ ယူဆတယ်။”

ပါတီထူထောင်ဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ ပါတီထူထောင်ဖို့ ဘယ်အချိန်တည်းကကြံရွယ်ဖြစ်ကြတာလဲ။

“အဲ့တာက အယူအဆ မှားနေကြတာပါ။ ကျနော်က ပါတီထူထောင်သူမဟုတ်ပါဘူး။ ကျနော်မှာ အစီစဉ် မရှိပါဘူး။ ကျနော်က လက်ရှိမှာ သမ္မတကြီးရဲ့အကြံပေး။ ကျနော့်တာဝန် ကျနော် ထမ်းဆောင်ပြီးရင် ကျနော့် စီးပွားရေး ကျနော်ပြန်လုပ်ဖို့ပဲရှိတယ်။ သို့သော်လည်း ကျနော့်သင်တန်းသား သင်တန်းသူတွေကပေါ့ဗျာ သူတို့ဟာသူတို့ ပါတီထောင်မယ်။ သူတို့ဟာသူတို့ ဥက္ကဋ္ဌ အတွင်းရေးမှူးစသဖြင့် ရွေးချယ်မယ်။ သို့သော်လည်း ကျနော်ကို ဒီသင်တန်းကို စပြီး ပြုစုပျိုးထောင်ပေး တဲ့သူပေါ့ဗျာ။ သူတို့က ကျနော်ကို နာယက အနေနဲတင်တာ။ ဆိုတော့ ဥပမာ ပါတီ သုံးလေးခု ထွက်လာတယ်ဆိုပါတော့ဗျာ။ တခုခုက ကျနော့်ကို နာယက အနေနဲ့ လုပ်ပေးပါဆို ငြင်းမသာဘူးလေ။ သို့သော်လည်း ကျနော်က ဥက္ကဋ္ဌတို့ ဘာတို့ ရာထူး ယူမထားဘူး။ ပြောရရင် ကျနော်က Non Exceutive ပေါ့ဗျာ။ အခုထောင်လိုက်တဲ့ပါတီကလည်း ကျနော် နယက ပဲနေတာ။ ဥက္ကဋ္ဌမဟုတ်ဘူး။ လူတွေက မှားမှားနေတာ။ ကျနော်ထောင်တဲ့ပါတီလို့ ထင်နေကြတာ။”

အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ ပြည်ခိုင်းဖြိုး ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့နဲ့အပြိုင် ဖြစ်လာမယ့်ပါတီဖြစ်လာမယ်လို့ မြင်သလား။

“ကျနော့် အမြင်ကတော့ သူတို့အချိန် နည်းနည်းနည်းသွားတယ်။ သို့သော်လည်း သူတို့က မဟာ ဗျူဟာတော့ကောင်းတယ်ဗျ။ ဆိုတော့ ၂၀၁၅ က လှေကား တဆင့်လို့တော့ ကျွန်တော်ယူဆတယ်။ ၂၀၂၀ မှာတော့ အင်အားကြီးပါတီဖြစ်လာနိုင်တယ်။ အခုကလည်း impact ကလည်းတော်တော်လေးကြီးနေ တယ်လေ။၂၀၁၅ မှာကတော့ တစုံတရာတော့ သူတို့ဖြစ်လာနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ NLD လောက်တော့ သူတို့ ၂၀၁၅ မှာတော့ အချိန်သိပ်နည်းသွားတဲ့အတွက် မကြီးနိုင်ဘူးပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013