DVB Logo
Home
မြန်မာသတင်း
အမှုလိုက်စရိတ် အခက်အခဲကြောင့် မိန်းကလေးငယ် ပျောက်ဆုံးမှု ကြန့်ကြာ
DVB
·
April 24, 2015
အမှုလိုက်စရိတ် အခက်အခဲကြောင့် မိန်းကလေးငယ် ပျောက်ဆုံးမှု ကြန့်ကြာ
Donate to DVB

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦး ပြီးခဲ့တဲ့ မတ်လမှာ ပျောက်ဆုံးခဲ့မှုကို တိုင်ကြားပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အားမရဘူးလို့ ကာယကံရှင်မိဘက ဒီဗွီဘီကို ပြောပါတယ်။

အသက် ၁၄ နှစ်ကျော်အရွယ် သမီး မဟန်ဇာအောင်ဟာ မတ် ၁၇ ရက်နေ့က လူငယ်ချင်းမေတ္တာမျှတဲ့သူနဲ့ လိုက်သွားတယ်လို့သာ မိဘတွေက သိရပြီး မဆက်သွယ်တဲ့ အတွက် ဘိုကလေး ရဲစခန်းမှာ မတ် ၁၉ ရက်နေ့က တိုင်ကြား ခဲ့ပါတယ်။

ပျောက်ဆုံးတာ တလကြာတဲ့အထိ သမီးအမှုကို ရဲဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိဘူးလို့ ဖခင် ဦးတင်စိုးက ပြောပါတယ်။

“ကျနော်သမီးကို ပိုင်စိုးသူရဆိုတဲ့ ကောင်လေးက ခေါ်သွားပြီး အခုချိန်ထိ ဘာအကြောင်းမှလည်း မကြားဘူး။ ကလေးက သေသလား ရှင်သလားလည်း မသိဘူး။ သူတို့က သမီးရည်းစား ပုံစံမျိုးတော့ဖြစ်တယ် ဒါပေမယ့် အခုချိန်ထိ ဘာသတင်းမှလည်း မကြားဘူး။ စခန်းကလည်း ဘာတခုမှ လုပ်ဆောင်မပေးဘူး။” လို့ ပြောပါတယ်။

ဒီအမှုကို လက်ခံထားတဲ့ ဘိုကလေးမြို့နယ်ရဲစခန်းက ဒုရဲအုပ် သက်လှိုင်ဦးကတော့ တတ်နိုင်သလောက် လိုက်လံရှာဖွေပေးထားကြောင်းနဲ့ အမှုကို လက်တွေ့လိုက်ပါရတဲ့ စရိတ်စက သုံးစွဲဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။

“အခုချိန်ထိတော့ တရားခံနဲ့ ပါသွားတဲ့ ကောင်မလေးနဲ့ကို သတင်းမရှိ သေးဘူးပေါ့နော်။ လောလောဆယ်တော့ သူတို့ ရောက်ရှိနိုင်တဲ့ အပိုင်ရဲစခန်းတွေကို အကြောင်းကြား ပေးထားတယ်။ သူတို့ ဆွေမျိုးသားချင်းရှိနေတဲ့နေရာတွေကိုလည်း လိုက်လံ စုံစမ်းထားတယ်။ ဒါပေမယ့် ကျနော်တို့ ရဲတပ်ဖွဲ့မှာလည်း လိုအပ်ချက်တွေရှိ တယ်ဗျာ။ အဲဒီနယ် မြေတခုကိုသွားရမယ်ဆိုရင် ကျနော်တို့မှာ ရဲစခန်းပိုင် ပဲ့ထောင်တို့မရှိဘူး။ သူက ကုန်းပိုင်းလည်း မဟုတ်ဘူးဗျာ။ ပင်လယ်ဘက်တွေကိုသွားရတဲ့အနေအထားပေါ့ဗျာ။ တခေါက်တခေါက်သွားရတာ ကျနော်တို့မှာ တော်တော်ကို ဒုက္ခတွေ့ပါတယ်။”

ဒီလိုအမှုအတွက် ရဲတပ်ဖွဲ့က အမှုစရိတ်က ၃ သောင်းပေးပေမယ့် တရားခံကိုဖမ်းဆီးမိလို့ တရားစွဲဆိုတဲ့ အချိန်ကျမှ ငွေရရှိကြောင်းနဲ့ ပင်လယ်ထဲတခေါက်သွားရင်လည်း လမ်းစရိတ် ၃ သောင်းရှိနေတဲ့ အတွက်လည်း အမှုလိုက်ပါဆောင်ရွက်ရာမှာ ငွေကြေး အခက်အခဲ ရှိကြောင်း ရဲအရာရှိက ရှင်းပြပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးဘန်ဂူးကတော့ ဒီလို အလားတူ ဖြစ်စဉ်မျိုး ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာမှာလည်းဖြစ်ခဲ့ဖူးပြီး ရဲကို တိုင်ကြားရာမှာလည်း အခုချိန် အမှုမှန် ပေါ်ပေါက်တာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်ဆီကို ရောက်နေတဲ့ကိစ္စတွေက ကိုတင်စိုး သမီးကိစ္စတခုထဲမဟုတ်ဘဲ။ ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာမှာလည်း ၁၂ ကျော်ကလေးမလေး တယောက်ကို ၂၀၁၄ နိုဝင်ဘာလမှာ မိဘတွေ လယ်သွားလုပ်နေရင်းနဲ့ ပျောက်ဆုံးသွားတယ်။ အဲဒီမှာ ငမျိုးဆိုတဲ့ လူက အတင်းအဓမ္မခိုးယူ သွားတယ်လို့ ကျနော်တို့က အခိုင်အမာရတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့ ကာယကံရှင်မိဘတွေက ဘိုကလေးရဲစခန်းကို အမှုဖွင့်ထားတယ်။ ဒါပေမယ့် အခု ၆ လနီးပါးကြာတဲ့အထိ ဘယ်ရောက်နေလဲ ဘာလုပ်လဲဘာမှ မသိရသေးဘူး။ ရဲတပ်ဖွဲ့က အင်အားနည်းနေလားတော့ မသိဘူးပေါ့နော်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှု အားနည်းနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေ ကလေးသူငယ်တွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ သူက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013