DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ် ယူအန်အေနှင့် မိတ်ဘက်ပါတီများ ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်
DVB
·
April 24, 2015
တတိယအကြိမ် ယူအန်အေနှင့် မိတ်ဘက်ပါတီများ ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဖက်ပါတီများရဲ့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ယူအန်အေ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ပြောပါတယ်။

မနက်ဖန်ကျရင် ယူအန်အေအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးခေါ်ယူထားပြီး ဆွေးနွေးပွဲအတွက် အစီအစဉ်တွေ ညှိနှိုင်းကြမယ်လို့ သူက ပြောပါတယ်။

သူက “အဓိကကတော့ ယူအန်အေနဲ့ မိတ်ဖက်ပါတီများ တတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်တာဖြစ်ပါတယ်။ ဘာတွေဆွေးနွေးဖို့ လိုအပ်သလဲ၊ ဘယ်အချက်တွေ ဆွေးနွေးမလဲ၊ ဘယ်အဖွဲ့တွေ ဖိတ်ကြားမလဲ စသဖြင့်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးဆွေးနွေးဖို့၊ တပြည်လုံးအပစ်ခတ်ရပ်ရေးစာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စတွေ ပါမယ်လို့ ထင်ပါတယ်။ အရင်ညီလာခံမှာ မပါဝင်သေးတဲ့ အဖွဲ့တွေလည်း ဖိတ်ကြားဖို့ကိစ္စတွေ ပါပါလိမ့်မယ်၊ ယူအန်အေအဖွဲ့ဝင်တွေချည်းပါ။ မနက်ဖြန် မွန်းလွဲတစ်နာရီ ရန်ကုန်မှာရှိတဲ့ ယူအန်အေ ရုံးမှာဘဲ လုပ်မှာပါ။”

(ယူအန်အေ) နဲ့ မိတ်ဖက်ပါတီများရဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲတွေကို မနှစ် ဒီဇင်ဘာလနဲ့ ဒီနှစ် ဖေဖော်ဝါရီတွေမှာ ကျင်းပခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ပထမဆုံးအကြိမ် ဆွေးနွေးပွဲမှာ ယူအန်အေနဲ့ မိတ်ဖက်ပါ တီတွေဟာ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ အနာဂတ် ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် ပြည်ထောင်စုညီလာခံကို အထောက်အကူပြုမယ့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးသွားဖို့ ပြီးခဲ့တဲ့ သဘောထားတူညီချက် ရယူခဲ့ပါတယ်။

၂၀၁၅ ဖေဖော်ဝါရီလလယ်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဆွေးနွေး ပွဲမှာတော့ နိုင်ငံရေးပြသနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့၊ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးဖြစ်ပေါ်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့၊ ကိုးကန့်ဒေသအပါအ၀င် စစ်ရေးပဋိပက္ခအားလုံးကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာဖို့ စတဲ့အချက်တွေကို တက်ရောက်လာတဲ့ အဖွဲ့ပေါင်း ၃၃ ဖွဲ့က ပူးပေါင်းထုတ်ပြန်ထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အခြေပြုထားတဲ့ စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ)မှာ လက်ရှိ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ကရင် အမျိုးသားပါတီအစရှိတဲ့ ပါတီတွေ အဓိက ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013