
မြန်မာနိုင်ငံအတွင်း လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ရေရှည်ရှင်သန်နိုင်ရေးအတွက် စစ်အာဏာရှင် ကျောထောက်နောက်ခံပြုထားတဲ့ အဝါရောင်သမဂ္ဂ (Yellow Unions) တွေရဲ့ လုပ်ရပ်ကို ဖော်ထုတ်အရေးယူဖို့ အထူးလိုအပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် မဖြိုးစန္ဒာစိုးက သတိပေးလိုက်ပါတယ်။
ဒီလိုမလုပ်ဆောင်နိုင်ရင် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ မြန်မာပြည်မှာ ရေရှည် ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) က ကြီးမှူးကျင်းပတဲ့ ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံမှာ အခုလို ထည့်သွင်းဆွေးနွေးခဲ့တာကို CTUM က ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ CTUM အတုအယောင်တခုကို ဖွဲ့စည်းခဲ့ပြီး CTUM ရဲ့ ကဏ္ဍအလိုက် အဖွဲ့ချုပ်တွေဖြစ်ကြတဲ့ AFFM၊ BWFM၊ IWFM နဲ့ MWFM တို့နေရာမှာ စိတ်ကြိုက် ကြိုးကိုင်လို့ရတဲ့ ‘Yellow Unions’ တွေကို အစားထိုးဖွဲ့စည်းကာ အလုပ်သမားထုကို မှိုင်းတိုက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်ခံရရုံတင်မကဘဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တာကြောင့် ဖမ်းဆီးခံရခြင်း၊ ထောင်ဒဏ်ချခံရခြင်း၊ အလုပ်ထုတ်ခံရခြင်းနဲ့ အဓမ္မ နေရပ်စွန့်ခွာခိုင်းစေခြင်း အကျိုးဆက်တွေကို ရင်ဆိုင်နေရတယ်လို့ မဖြိုးစန္ဒာစိုးက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုကြောင့် ကလေးငယ် အများအပြား ကျောင်းထွက်ခဲ့ရပြီး ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရတဲ့အပြင် စစ်အာဏာရှင်က အရပ်သားတွေကို အဓမ္မ စစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာနဲ့ ပဋိပက္ခဒေသတွေမှာ နိုင်ငံတကာစံနှုန်းတွေ ချိုးဖောက်ကာ အဓမ္မလုပ်အားပေး ခိုင်းစေနေမှုတွေလည်း ဆိုးရွားစွာ ရှိနေတယ်လို့ ထုတ်ဖော်ပါတယ်။
တချိန်တည်းမှာပဲ ဘေးကင်းလုံခြုံမှုအတွက် ပြည်ပကို ရွှေ့ပြောင်းသွားကြတဲ့ မြန်မာလုပ်သား သန်းပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ခေါင်းပုံဖြတ်ခံရတာ၊ လုပ်ခလစာနည်းပါးတာ၊ လူကုန်ကူးမှု စတဲ့အန္တရာယ် ရင်ဆိုင်နေရသလို လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားတွေ ခွဲခြားဆက်ဆံခံရမှုနဲ့ ကျား၊ မ အခြေပြု လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အန္တရာယ်တွေလည်း မြင့်တက်နေတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးမှုတွေ အားလုံး ပါဝင်နေတာကြောင့် နိုင်ငံတကာအစိုးရတွေ၊ အလုပ်ရှင်တွေနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေ အနေနဲ့ စစ်အာဏာရှင်ကို ထိရောက်စွာ တာဝန်ခံမှုရှိစေဖို့နဲ့ မြန်မာအလုပ်သမားတွေဘက်ကနေ ပူးပေါင်းဝန်းရံပေးကြဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ CTUM က ထုတ်ပြန်ခဲ့ပါတယ်။










