
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ပန်းပေါင်းကျေးရွာကို ဧပြီ ၅ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက “မိတ္တီလာလေတပ်က တက်လာတဲ့ စက်တပ်လေထီး ပန်းပေါင်းရွာထဲကို ဗုံး ၂ လုံး ထပ်ကြဲသွားလို့ ရွာထဲက ပြည်သူပိုင်အိမ် ၄ လုံး ပျက်စီးပြီးတော့ အသက် ၆၀ ဝန်းကျင်လောက်ရှိတဲ့ လင်မယား ၂ ယောက် နေရာမှာတင် ဆုံးပါတယ်။ ကိုယ်ဝန် ၈ လလောက်ရှိတဲ့ ၃၂ နှစ်လောက် အမျိုးသမီးတယောက်ကတော့ ဆေးကုသနေရင်း နောက်မှ သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
ဧပြီ ၅ ရက် မနက် ၈ နာရီဝန်းကျင်ကလည်း အောင်သာကျေးရွာကနေ အင်အား ၈၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းကနေ ရွှေစမ်းချောင်းကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် အသက် ၅၈ နှစ်နဲ့ ၆၀ အရွယ် ရွာခံအမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး လူနေအိမ်အိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သလို နွား ၂ ကောင်လည်း သေဆုံးသွားခဲ့တယ်လို့ ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ အခုရက်ပိုင်းမှာ တောင်သာ-ရုံးစည်ကြီးလမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။
တောင်သာမြို့နယ် လူသားစာနာတာဝန်ခံက “တောင်သာမြို့ပေါ်ကနေ အောင်သာရွာကတဆင့် ထွက်လာတဲ့ စစ်ကြောင်းက တောင်သာ-ရုံးစည်ကြီး ကားလမ်းပိုင်းပေါ်မှာ ကင်းပုန်းတွေလည်း ချထားတယ်။ ပန်းပေါင်းရွာဆိုတာက တောင်သာ-ရုံးစည်ကြီး ကားလမ်း အနောက်ဘက်မှာရှိတာ။ ၅ ရက်နေ့ ညနေပိုင်းမှာ ပါရာမော်တာနဲ့ ဗုံးကြဲခံရလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၃ ယောက် သေဆုံးခဲ့တဲ့ အဲဒီ ပန်းပေါင်းရွာထဲကို ၆ ရက်နေ့မှာ စစ်ကြောင်းဝင် တပ်စွဲနေပြီးတော့ အိမ်တွေကို မီးရှို့နေတယ်။ ဓားစာခံဖမ်းဆီးခံထားရတဲ့ ရွာခံတွေ ရှိနေတယ်လို့ သိရပေမဲ့ စစ်ကြောင်းရှိနေသေးတော့ အတိအကျ မသိရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းကြောင့် ပန်းပေါင်း၊ ရွှေစမ်းချောင်း၊ အောင်သာ၊ သံဘိုကျေးရွာတွေ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဆိုပါကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေ လုယူကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပါတယ်။










