တရုတ်နဲ့ အမေရိကန်တို့ဟာ အပြုသဘောဆောင်တဲ့ မိတ်ဖက်သစ်အဖြစ် ရောက်ခဲ့တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
ရှီနဲ့ ထရမ့်ပ် တို့ဟာ မေ ၁၅ ရက်မှာ ထပ်မံတွေ့ဆုံခဲ့ပြီး ၂ နိုင်ငံဟာ အပြုသဘောနဲ့ မဟာဗျူဟာမြောက်တဲ့ ဆက်ဆံမှုအသစ်ကို ရှေ့တိုးနိုင်ခဲ့တယ်လို့ ရှီက ပြောတာပါ။
“သမိုင်းတွင်တဲ့ အလည်အပတ်ခရီးစဉ်အဖြစ် ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ပူးပေါင်းပြီး ရလဒ်တွေရဖို့ နားလည်မှုတွေ အများကြီး ရခဲ့ပါတယ်” လို့ ရှီက ပြောပါတယ်။
ထရမ့်ပ်က “အရမ်းအောင်မြင်ပြီး၊ ကမ္ဘာ့အကျော်ကြားဆုံးနဲ့ မမေ့နိုင်တဲ့ တွေ့ဆုံမှုတခုပဲ” လို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
ဒါ့အပြင် ထရမ့်ပ်ကလည်း “တရုတ်နဲ့ ကျနော်တို့ ဆက်ဆံရေးက အရင်ကထက် ပိုပြီး ခိုင်မာပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
ထရမ့်ပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက တရုတ်နိုင်ငံကို လာရောက်ခဲ့ဖူးပြီး အခုအချိန်မှာ ၂ ရက်တာ အလည်အပတ်ခရီး ရောက်ရှိနေတာ ဖြစ်ပါတယ်။
၂ ရက်တာ ခရီးစဉ်မှာ ကုန်သွယ်ရေး၊ ဆီ၊ အီရန်နဲ့ ထိုင်ဝမ်အရေးတို့က အဓိကဆွေးနွေးမဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
တရုတ်နိုင်ငံဟာ အီရန်ကို လက်နက်ထောက်ပံ့မှုတွေ လုပ်မှာမဟုတ်ဘူးလို့ ကတိပေးတဲ့ အကြောင်းလည်း ထရမ့်ပ်က Fox News နဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
Source: Reuters










