DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာ အကူအည်ီမရဖြစ်နေ
DVB
·
April 22, 2015
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာ အကူအည်ီမရဖြစ်နေ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲမှာ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်နေရပြီး သူတို့ကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ကူညီပေးရေးအဖွဲ့တွေ အခက်အခဲကြုံနေပါတယ်။

AArmy1ကျောက်တော်မြို့နယ် စပါးဆိပ်ရွာမှာ သွားရောက်ခိုလှုံနေရတဲ့ ရွာသားတွေကို ကူညီဖို့ ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့နဲ့ အလှူရှင်တချို့ဟာ ဧပြီလ ၂၁ ရက်နေ့မှာ သွားရောက်ခဲ့ ပေမယ့် လမ်းတ၀က်မှာ အာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရတယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဒီဗွီဘီကို ပြောပါတယ်။

“ဟိုမှာ သူတို့ တော်တော်ဒုက္ခရောက်နေတယ်။ ထမင်းကို ရေနဲ့ ဆမ်းပြီးစားရတယ်လို့ အကြောင်းကြားလာပါတယ်။ အဲဒါနဲ့ ကျမတို့အဖွဲ့ကလည်း ဆန်အိတ် ၃၀ ကျော် ပဲ၊ အာလူး၊ ဆား၊ ငပိ၊ ငါးခြောက်၊ သခွားသီး အလုံး ၂၀၀၊ ခြင်ထောင်အသစ် ၅၀ ထည်ကို သယ်သွားတာ ၊ ပီချောင်းအတက် ၀လက်ကန် ရွာနားရောက်တော့ ၃၇၄ တပ်ရင်းက ဗိုလ်ကြီးကျော်စွာနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားပါတယ်ရှင့်။ အဲဒီဘက်မှာ နယ်မြေမအေးချမ်းလို့ မသွားရဘူးပေါ့။ မနက် ၁၀ နာရီခွဲကနေ မွန်းလွဲ ၁ နာရီခွဲထိ သက်ဆိုင်ရာတွေကို ဖုန်းဆက်ညှိနှိုင်းတယ်။ နောက်ဆုံးတော့ သွားလို့မရတာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေအားလုံး ကျောက်တော်က သိမ်တော်ကျောင်းတိုက်ဆရာတော်ဆီ အပ်ထားခဲ့ရပါတယ်”လို့ပြောပါတယ်။

ဒုက္ခသည်တွေ အစာရေစာ ပြတ်လပ်မှာ စိုးရိမ်တဲ့အတွက် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက စစ်တွေမှာ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ရွာသားတွေကို အကူအညီပေး နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အစီအစဉ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က ကျောက်တော်မြို့ မြောက်ဘက် ပင်လုံကျေးရွာနဲ့ အောင်လံချောင်းရွာအနီးမှာ အစိုးရတပ်နဲ့ ရခိုင်တပ်မတော်တို့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ကြောင့် အဆိုပါကျေးရွာ၂ ရွာအပြင် ပတ်ဝန်းကျင် ကျေးရွာတွေက ရွာသားတွေပါ စုစုပေါင်း ၄၀၀ ကျော် စပါးဆိပ်ရွာမှာ တိမ်းရှောင်ရောက်ရှိနေတာပါ။

စပါးဆိပ်ရွာမှာ အိမ်ခြေ ၁၀၀ လောက်ရှိပြီး တိမ်းရှောင်လာသူတွေကို အိမ်အလိုက် လက်ခံကျွေးမွေးထားပေမယ့် ရက်အတန်ကြာလာရင် စားနပ်ရိက္ခာ အခက်အခဲရှိလာနိုင်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ပီချောင်း၊ ကုလားတန်မြစ်၊ ပလက်ဝမြစ် အထက်ပိုင်းနဲ့ အောက်ပိုင်း ကူးသန်း သွားလာခွင့် ပိတ်ထားတဲ့အတွက် ဈေးသည်ဈေးဝယ်နဲ့ ကုန်သည်တွေ အခက်တွေ့နေ ရကြောင်း၊ ဘုတ်ပိချောင်းရွာ ဘက်မှာ စက်လှေပေါ်ပါလာတဲ့ အမျိုးသားတွေရော၊ စက်လှေမောင်းသမားပါ အစိုးရတပ်က ကြိုးတုတ်စစ်ဆေးပြီးမှ ပြန်လွှတ်တဲ့အတွက် ဒေသခံတွေ ကြောက်ရွံ့နေရတယ်လို့ ဒေါ်ညိုအေးကပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရကတော့ ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်မရှိကြောင်း၊ ခဏတဖြုတ် ရွှေ့ပြောင်းသွားလာ သူတွေသာဖြစ်ပြီး သူတို့ကို ဆန်အိတ်တွေထောက်ပံ့ဖို့ မော်တော်ဘုတ် ၂ စီး စီစဉ်ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရပြောရေးဆိုခွင့်သူ ဦးဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဘေးရှောင် မရှိပါဘူးခင်ဗျ။ ရှိရင် အခုနေခါ ကျနော်တို့လည်း အစိုးရအနေနဲ့ စစ်ဘေးရှောင် ကူညီရေးစီမံကိန်းအတွက် အလုပ်တွေ လုပ်နေရပြီပေါ့။ အဲဒီကျေးရွာတွေက နဂိုကတည်းက ဆင်းရဲချို့တဲ့တဲ့ ရွာတွေပါ။ ကျနော်ရောက်ဖူးပါတယ်။ အစိုးရအနေနဲ့ သူတို့ကို ဆန်အိတ်တွေ သွားလှူဖို့ ရှိပါတယ်။ ဘယ်နေ့လဲတော့ မသိသေးဘူး။ မော်တော်ဘုတ် ၂ စီးလည်း ပေးထားပါတယ်။”

ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တို့ကြား မတ်လကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိတွေ့တိုက်ပွဲတွေအနည်းဆုံး ၅ ကြိမ်လောက်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013