DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံပထုန်ဌာနီတွင် တရားမ၀င် မြန်မာအလုပ်သမားများကို စစ်ဆေးဖမ်းဆီးနေ
DVB
·
April 22, 2015
ထိုင်းနိုင်ငံပထုန်ဌာနီတွင် တရားမ၀င် မြန်မာအလုပ်သမားများကို စစ်ဆေးဖမ်းဆီးနေ
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင်ထဲမှာ ထိုင်းအာဏာပိုင်တွေက တရားမ၀င် အလုပ်သမားတွေကို လိုက်လံစစ်ဆေး ဖမ်းဆီးနေရာမှာ      ကလေးငယ်တွေ အပါအ၀င် မြန်မာ အလုပ်သမားတွေ ရာနဲ့ချီ ဖမ်းဆီးခံ ထားရပါတယ်။

ပထုန်ဌာနီခရိုင် ပထုန်ဌာနီမြို့ပေါ်ရှိ အလုပ်သမားငှါးရမ်းနေထိုင်ရာ နေရာနဲ့ လုပ်ငန်းခွင်နဲ့ဈေးတွေထဲ မှာပါ နေ့စဉ်လို ၀င်ရောက်စစ်ဆေးဖမ်းဆီးနေတဲ့အတွက် အလုပ်သမားတွေ လုံခြုံအေးချမ်းစွာ မနေနိုင်ဘူး လို့ ဈေးသည် ကိုကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ် ။

“ထိုင်းရဲတွေက  နေ့တိုင်းလို လိုက်စစ်နေပါတယ်ခင်ဗျ၊ အလုပ်သမားကဒ်ရှိတယ်၊ ပတ်စပို့ရှိတယ် ဒါပေမယ့် အလုပ်ရှင် နာမည်မတူဘုးဆိုပြီးတော့လည်း ဖမ်းတာဘဲ ၊ အဖေရော အမေရော အလုပ်သမားကဒ်ရှိတယ်၊ ကလေးမှာလည်း ယာယီနေခွင့်ကဒ်ရှိတယ်၊ အဲဒါမျိုးလည်း ဖမ်းသွားတာဘဲ နားကိုမလည်နိုင်ပါဘူး၊ အလုပ်သမားတွေ့လည်း ဘယ်မှ မတိုင်ရဲဘူး၊ သင်္ကြန်မတိုင်ခင်ကတည်းက ဖမ်းတာ၊ သင်္ကြန်တွင်း ၃ ရက်ဘဲနားတယ်၊ ပြီးတော့ ပြန်ဖမ်းတယ်၊ အိမ်ရှေ့ထွက်ထိုင်နေတာကို ခေါ်မေးပြီး လက်မှတ်စစ်တယ်၊ ပြီးတော့ ဖမ်းသွားတယ်၊ ခုရက်ပိုင်းအတွင်း ဖမ်းနေတာ ၂၅၀ လောက် ရှိမယ်ခင်ဗျ” လို့ပြောပါတယ်။

အဖမ်းခံရတဲ့သူတွေကို ငွေနဲ့သွားရွေးရင်တော့ ပြန်လွတ်လာတာရှိကြောင်း ၊ တစ်ဦးကို ဘတ် ၆ ထောင် ၇ ထောင် ထိတောင်းပြီး တချို့ကို ပြန်ပို့တာရှိသလို တချို့က အချုပ်ထဲမှာရှိနေဆဲလို့  သူကဆက်ပြောပါတယ်။

ပထုန်ဌာနီမြို့မှာ ကရင်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက လာတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီရှိပြီး ဈေးရောင်း အကူ၊ ဆောက်လုပ်ရေး၊ အိမ်ဖော် စတဲ့ အလုပ်ကြမ်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြပါတယ်။

သူတို့အနေနဲ့ ခုလို မလုံမခြုံလုပ်ကိုင်စားသောက်နေရတဲ့အပေါ်မှာ သက်ဆိုင်ရာမြန်မာသံရုံးက အလုပ်သမား အရာရှိတွေ အနေနဲ့  တာဝန်ရှိသူတွေကို စည်းကမ်းတင်းကျပ်ဖမ်းဆီးတာမျိုး မလုပ်ဖို့ ညှိနှိုင်းပေးစေ လိုတယ်လို့ ပြောပါတယ်။

ပထုန်ဌာနီခရိုင်တွင်းမှာဘဲ  ဧပြီ ၂၁ ရက်က မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ အမည်ခံကျောင်းကား  ၃ စီးကို လတ်လုမ်ကျောက်တံတားဂိတ်မှာ ဖမ်းဆီးရမိတယ်လို့ အိုင်အန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အမျိုးသား ၈၈ ဦး၊ အမျိုးသမီး ၅၉ ဦး ကလေး ၅ ဦး စုစုပေါင်း ၁၅၂ ဦးကို နယ်စပ်တာ့ခရိုင် မဲဆောက်မြို့ကနေ တင်ဆောင်လာတာဖြစ်ပြီး ဘန်ကောက်အနီး မဟာချိုင်မြို့နယ်နဲ့  နခွမ်းပထုန်ခရိုင်ဆီ ပို့ဆောင်ပေး ဖို့ဖြစ်ကြောင်း၊ လမ်းမှာ အဖမ်းအဆီးကင်းဖို့ ကျောင်းကား တံဆိပ်ကပ်ထားပေမယ့် နွေရာသီကျောင်း ပိတ်ချိန်ဖြစ်လို့  မသင်္ကာလို့ တားဆီးစစ်ဆေးရာက တရားမ၀င်ဝင်ရောက်လာ သူတွေကို ဖမ်းမိတာလို့ ပထုန်ဌာနီရဲစခန်းက သတင်းထောက်တွေ ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013