ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်ထားပြီး ဆီတင်သင်္ဘောတွေကို ပြန်လှည့်ခိုင်းနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အီရန်နဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ သွားလာမှု ရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ လုံးဝပိတ်ထားလိုက်ပြီး ဆီတင်သင်္ဘောတွေကိုလည်း ပြန်လှည့်ခိုင်းခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက ဖော်ပြပါတယ်။
သင်္ဘောလမ်းကြောင်းကြည့် အချက်အလက်တွေအရ ဂရိပိုင်သင်္ဘောနဲ့ လိုက်ဘေးရီးယားအလံ လွှင့်ထားတဲ့ သင်္ဘောတို့ဟာ ၂ ပတ် အပစ်ရပ်ပြီးနောက် ဗုဒ္ဓဟူးနေ့က ဟော်မုဇ်ရေလက်ကြားကို ပထမဆုံးဖြတ်သန်းတဲ့ သင်္ဘောတွေ ဖြစ်လာပါတယ်။
အမေရိကန်နဲ့ အီရန်တို့ အပစ်အခတ် ၂ ပတ်ရပ်တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အစ္စရေးက လက်ဘနွန်ကို ကြီးမားတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ လူ ၂၅၄ ယောက်ထက်မနည်း သေဆုံးခဲ့တာကြောင့် အခြေအနေက မတည်ငြိမ်သေးပါဘူး။
အဲဒီတိုက်ခိုက်မှုအတွက် ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်ခဲ့တာလို့ အီရန်သတင်းဌာနက ဖော်ပြပါတယ်။
ရုပ်သံဖော်ပြချက်အရ ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ပြီး ဆီတင်သင်္ဘောတွေကို ပါရှန်းပင်လယ်ကွေ့ကို ပြန်လှည့်ခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကပ်ပလာရဲ့ ဖော်ပြချက်အရ သင်္ဘော ၁,၀၀၀ ကျော်ရှိပြီး ကုန်အပြည့်ပါတဲ့ ဆီသင်္ဘော ၁၈၇ စင်း ပါတယ်လို့ ဆိုပါတယ်။
ဒီသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ၂ ပတ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပြီး လက်ရှိအချိန်မှာ နောက်ပြန်ဆုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အီရန်ဆိပ်ကမ်းနဲ့ ရေကြောင်းအဖွဲ့အစည်းက ဟော်မုဇ်ရေလက်ကြားကနေ အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ဖို့ လမ်းပြမြေပုံတခု ထုတ်ပြန်ခဲ့ပါတယ်။
သင်္ဘောအားလုံး ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ မိုင်းတွေကို ရှောင်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်စေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။
Source: Reuters










