DVB Logo
Home
မြန်မာသတင်း
ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည်များအား လောက်ကိုင်မြို့ကို ပြန်လည်ပို့ဆောင်
DVB
·
April 21, 2015
ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည်များအား လောက်ကိုင်မြို့ကို ပြန်လည်ပို့ဆောင်
1 / 3
Donate to DVB

လားရှိုးမြို့မှာ လာရောက်ခိုလှုံနေကြတဲ့ ကိုးကန့်ဒေသက စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀ ကျော်ကို ဒီကနေ့ မနက်ပိုင်းက လောက်ကိုင်မြို့ကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ပို့ ဆောင်လိုက်ပါတယ်။

မန်ဆူရှမ်း ကျောင်းတိုက်မှာ ၂ လကျော် လာရောက်ခိုလှုံသွားတဲ့ ဒုက္ခသည်အားလုံး လောက်ကိုင်မြို့ကို ပြန်သွားကြပြီလို့ မန်ဆူကျောင်းတိုက်က အရှင်ဦးသြဘာက ဒီဗွီဘီကို မိန့်ပါတယ်။

“ဒီနေ့မနက် ၈ နာရီခွဲလောက်ကဘဲ တာဝန်ရှိသူတွေက သူတို့ကို တိုက်ပွဲတွေမရှိတော့ဘူးလို့ လာရှင်းပြတယ်။ အားပေးစကားပြောတယ်။ ပြီးတော့ လာကြိုသွားကြပါတယ်။ လူရော ပစ္စည်းတွေရော တင်သွားတာ ကားကြီးနဲ့ ၅ စီးရှိတယ်။ သူတို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရောက်လာကြတာလေ။ အားလုံး ၂၅၀ လောက်ရှိမယ်။ စာရင်းအတိအကျတော့ ဦးဇင်းလက်ထဲမှာမရှိဘူး။ ကလေးနဲ့ အမျိုးသမီးတွေများတယ်။ သူတို့ကို ကြည့်ရတာလည်း လိုလိုလားလားနဲ့ ပြန်ချင်တဲ့ပုံပါပဲ။ တချို့က ဟိုမှာ အိုးပိုင်အိမ်ပိုင်ရှိတော့ အိမ်ကို နောက်ဆံတင်းမှာပေါ့။ ဒီမှာနေတော့ အစားအစာတွေလည်း ကျောင်းတိုက်ကရော ကယ်ဆယ်ရေးအဖွဲ့ပါ ထောက်ပံ့ပါတယ်။ သူတို့ကျန်းမာရေးကိုယ်လည်း ပုံမှန်လာစစ်ပေးတာ ရှိပါတယ်။”

အစိုးရတာဝန်ရှိသူတွေကတော့ ကိုးကန့်ဒေသမှာ နယ်မြေအေးချမ်းသွားပြီဖြစ်လို့ ပြန်လည်ပို့ ဆောင်တာဖြစ်တဲ့အကြောင်းနဲ့ ပြန်ရောက်လာတဲ့ ဒေသခံတွေ နေရေးထိုင်ရေးနဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ကိုးကန့် ပြန်လည်ထူထောင်ရေးအဖွဲ့က ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

လားရှိုးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုညွန်မှူး ဦးကျော်ကျော်ထွန်းက “အခုဟိုဘက်ပြန်သွားမယ် ဆိုတော့ တခုခုပြန်ဖြစ်မှာ သူတို့ စိုးရိမ်တယ်။ ဒါပေမယ့် ကျနော်တို့က နယ်မြေအေးချမ်းသွားပြီ ဆိုပြီးတော့ သတ်မှတ်ပြီးလို့ ပြန်ပို့လိုက်တာပေါ့နော်။ အခက်အခဲရှိရင်လည်း ကျနော်တို့ စီမံဆောင်ရွက်ပေးမှာပါ”လို့ ပြောပါတယ်။

ကိုးကန့် စစ်ရှောင်မိသားစုတချို့ကတော့ နေရပ်ပြန်ခွင့်ရပြီဖြစ်ပေမယ့် ဘ၀လုံခြုံရေးအတွက် စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။

ဒုက္ခသည် လူငယ်တဦးက “ကိုယ့်ဌာနေပြန်ရမယ်ဆိုတော့ ၀မ်းလည်းဝမ်းသာပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ထိတ်လန့်တာပေါ့နော်၊ လမ်းကြောင်း ကောင်းလားမကောင်းလား ထိတ်လန့်တာပေါ့၊ ပြန်ရင် ကျနော်တို့ ဟိုမှာရှိခဲ့တဲ့ပစ္စည်းတွေပေါ့ဗျာ အဲဒါတွေ ရှိသေးလား၊ မရှိသေးဘူးလားဆိုတာကတော့ ကိုယ်လည်း မသိဘူး။ အဲဒါတွေမရှိရင်တော့ အကုန်လုံးပြန်လည်ထူထောင်ရမှာ။ ကျနော်တို့ နေရာထိုင်ခင်းတွေပေါ့ဗျာ အကုန်လုံး၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ အေးအေးချမ်းချမ်းနေရဖို့ အဲဒါလေးပဲ စီစဉ်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

ဒုက္ခသည် အမျိုးသမီးတဦးကလည်း “စိုးရိမ်စိတ်တော့ရှိတယ်။ ပြန်သွားရတော့မယ်ဆိုတော့ ပျော်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ အလုပ်အကိုင်တွေ ပြန်လည် ရရှိမယ်ဆိုရင်တော့ ဘ၀အာမခံချက် ပိုရှိတာပေါ့။ အမြန်ဆုံးပြန်လည် စည်ကားလာအောင် နိုင်ငံတော်ကြီးကို လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”လို့ ပြောပါတယ်။

ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ အစိုးတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီးနောက် လောက်ကိုင်ဒေသခံ တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့ကို ထွက်ပြေးခိုလှုံခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့ပြီး ကိုးကန့်ဒေသရှိ စစ်ရေးအရ အရေးပါတဲ့ နေရာတွေအားလုံးကို အစိုးရစစ်တပ်က သိမ်းပိုက်ထိန်းချုပ်နိုင်လိုက်ပြီလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
[gallery ids="90162,90163,90164"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013