DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ကို မှောင်ခိုတင်ပို့မည့် ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ကျော် မဲဆောက်တွင် ထပ်မံဖမ်းမိ
DVB
·
March 24, 2026
Photo: AEC Asean News 
Photo: AEC Asean News 
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံ မြဝတီဘက်ကို တရားမဝင် တင်ပို့ရောင်းချမယ့် ဒီဇယ်ဆီ လီတာပေါင်း ၂၀,၀၀၀ ကျော် မတ် ၂၂ ရက်က ဖမ်းဆီးရမိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့၊ ထာ့ဆိုင်လွတ်အုပ်စု၊ နယ်မြေ ၃၊ တာ့အတ်ရပ်ကွက်ပိုင်းရှိ သောင်ရင်းမြစ်အနီး တောလမ်းမှာ သံသယရှိတဲ့ ဆီတင်ကား တွေ့ရှိကြောင်း သတင်းရတာကြောင့် လောင်စာဆီ ရာဇဝတ်မှုနှိမ်နင်းရေးဌာန၊ ထိုင်းစစ်တပ် လပ်မနူးစစ်ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေး၊ အကောက်ခွန်စတဲ့  ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၂၂ ရက် နေ့လယ်မှာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါနေရာမှာ ဒီဇယ်ဆီတင် ကားတစီးနဲ့အတူ ဂိုဒေါင်တခုတည်းမှာလည်း နောက်ထပ် စက်သုံးဆီတွေ သိုလှောင်ထားတာ တွေ့ရတယ်၊ ကားထဲက ဒီဇယ်ဆီမှာ လီတာပေါင်း ၂၀,၀၀၀ ရှိပြီး ဂိုဒေါင်ထဲမှာလည်း  ၄,၅၀၀ လီတာဝင်ဆံ့ ဆီလှောင်ကန် ၂ ခု၊  အထဲမှာတော့ ဆီ ၃၀၀ လီတာခန့် ရှိနေတယ်၊ ဒါ့အပြင် လီတာ ၂၀၀ ဆံ့  ဆီ  ၁၀၁ ပီပါ၊ လီတာ ၃၀ ဝင်ဆံ့ ဆီ ၈၅ ပီပါ တို့ကိုပါ တွေ့ရှိခဲ့ပါတယ်။

တာဝန်ရှိသူတွေက အဆိုပါဂိုဒေါင်ရှိ ဓာတ်ဆီတွေအပြင် ဒီဇယ် လီတာ ၂၀,၀၀၀ ပါ ဆယ်ဘီးကားကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆိုပါတယ်။ ဒီဇယ်ဆီတွေ ဖမ်းဆီးရမိတဲ့နေရာရဲ့ တဘက်ကမ်း(မြန်မာဘက်ခြမ်း) မြဝတီမြို့နယ်ရှိ ကာစီနို လောင်းကစားရုံတွေနဲ့ နီးတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းသူမှာ ထိုင်းနိုင်ငံသားတယောက် ဖြစ်ပြီး နောက်ထပ် မြန်မာနိုင်ငံသားတယောက်ကလည်း အဆိုပါဒီဇယ်ဆီတွေဟာ မြန်မာဘက်ကမ်း ကရင်ပြည်နယ် မြဝတီခရိုင်ကို ပို့ဆောင်ဖို့ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို ခွင့်ပြုချက်မရဘဲ ဒီဇယ်ဆီတွေ ပြည်ပကို တင်ပို့ဖို့ ကြံစည်မှု၊  အကောက်ခွန်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၂/ ၂၅၂ တို့နဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကလည်း မြန်မာဘက်ခြမ်းကို ပို့ဆောင်မဲ့ စက်သုံးဆီ ၂၆,၈၀၀ လီတာကို မဟာဝမ်းရပ်ကွက်ထဲမှာ ဖမ်းဆီးရမိပါသေးတယ်။

မြန်မာဘက်ခြမ်းက စက်သုံးဆီတွေဟာ ထိုင်းဘက်မှာထက် ပိုပြီးရှားပါးနေလို့  မြန်မာဘက်က ကားနဲ့ ဆိုင်ကယ်တွေဟာ ထိုင်းဘက်ခြမ်းမှာ လာရောက်ဖြည့်ရတာတွေ ရှိပါတယ်။

မြန်မာဘက်က လာဝယ်သူတွေ များတာကြောင့် နယ်စပ်ဆီဆိုင်တွေမှာ မြန်မာဘက်က ယာဉ်တွေ ဆီမ‌ရောင်းပေးဖို့ ကန့်သတ်ထားပေမဲ့ တချို့ကတော့ ထိုင်းလူမျိုးအမည်နဲ့  ဆီရအောင် ဝယ်ယူတာတွေလည်း ရှိတယ်လို့ မဲဆောက်ဒေသခံတွေက ပြောပါတယ်။ 

Source:  Siamrath/ThaiPBS North

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013