
ပြည်ပခရီးစဉ်အတွက် ငွေယူထားပြီး ပို့မပေးလို့ နစ်နာသူတွေက လူမှုကွန်ရက်မှာ ဝေဖန် ပြောဆိုတာ များလာပြီးနောက် ငွေပြန်အမ်းမယ်လို့ Pack & Go Easy Travel ကုမ္ပဏီက ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲဒီကုမ္ပဏီဟာ ပြည်ပခရီးစဉ် ပို့ပေးမယ်ဆိုပြီး ခရီးသွားမဲ့သူတချိုဆီကနေ ငွေကြေးရယူခဲ့ပြီး ခရီးစဉ်ကို တကယ်မပို့ပေးခဲ့ဘူးလို့ နစ်နာသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် လေယာဥ်လက်မှတ်ကိုတောင် အတုတွေပေးတယ်လို့ သိရပါတယ်။
နစ်နာခဲ့သူတယောက်က “ကျမတို့ ဖုန်းဆက်တာ လုံးဝမကိုင်ဘူး။ ရုံးလိုက်သွားတော့လည်း တံခါးပိတ် ထားတယ်။ ပိုက်ဆံတွေလိမ်ပြီး ပြေးသွားတာနေမှာပေါ့။ သင်္ကြန်မှာ မိသားစု လိုက်သွား လည်ဖို့ လုပ်ထားတာ။ ပိုက်ဆံကျတော့ယူပြီး ဘာမှအကြောင်းပြန်မလာဘူး။ ကြေညာ တော့ နာမည်ကြီးမင်းသားလင်မယား။ အကွက်ကျကျလိမ်စားသွားတာ” လို့ ပြောပါတယ်။
အဲဒီလို့ အလိမ်ခံရသူတွေထဲမှာ ဆယ်လီတချို့လည်းပါတယ်လို့ သိရပါတယ်။
ပြည်ပခရီးစဥ်ပို့ဆောင်ရာမှာ အသွားတကြောင်းအတွက်ပဲ လက်မှတ်ဖြတ် ပို့ဆောင်ခဲ့ပြီး အပြန် လက်မှတ်၊ ဟိုတယ် စီစဥ်မပေးတာကြောင့် ခရီးသွားတွေအနေနဲ့ ကိုယ့်အစီအစဥ်၊ ကိုယ့်စရိတ်နဲ့ ကိုယ် လည်ပတ်ခဲ့ပြီး ပြန်လာရတာမျိုးတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက လူမှုကွန်ရက်မှာ ရေးသားလာကြပါတယ်။
ဒါကြောင့် နစ်နာသူတွေက ငွေပြန်အမ်းပေးဖို့နဲ့ Pack & Go Easy Travel ကုမ္ပဏီကို တရားစွဲဆို သွားမယ်လို့ သိရပါတယ်။
Pack & Go Easy Travel ကုမ္ပဏီကတော့ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စအပေါ် ကုမ္ပဏီအနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း၊ Travel Package ဝယ်ယူထားတဲ့ Customer တွေအနေနဲ့ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဖြေရှင်းပေးမှာဖြစ်သလို ပြန်အမ်းငွေကိုလည်း အပြည့်အဝ ပြန်လည်ပေးအပ်မယ်လို ဧပြီ ၂၄ ရက်မှာ အသိပေးစာထုတ်ထားပါတယ်။
Pack & Go Easy Travel ကုမ္ပဏီရဲ့ ခရီးစဥ်ကို စိန်ဖြိုးနဲ့ ရီရီပွင့်ဖြူတိုက ကြော်ငြာပေးခဲ့တာ ဖြစ်ပြီး ရုံးကတော့ ရန်ကုန်နဲ့ ဘန်ကောက်မှာရှိတယ်လို့ သိရပါတယ်။










