
ကရင်နီအမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးတွေကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် အထွေထွေအတွင်းရေးမှူးဟောင်း ခွန်းရီမာန်ထူးဟာ မေ ၁၀ ရက် ညနေက ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုနဲ့ KNPP ကနေ သိရပါတယ်။
ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ နေထိုင်မကောင်းဖြစ်တာကြောင့် ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင် ဆေးရုံတခုမှာ တက်ရောက်ကုသစဉ် မေ ၁၀ ရက် ညနေ ၅ နာရီကျော်က ဆုံးပါးကွယ်လွန်သွားတာလို့ KNPP အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က DVB ကို ပြောပါတယ်။
ခွန်းရီမာန်ထူးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက တော်လှန်ရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး အသက် ၆၀ ကျော်တော့ ပါတီလုပ်ထုံးလုပ်နည်းအရ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပါတယ်။
ခွန်းရီမာန်ထူး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေအတွက် ဝမ်းနည်းကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကထုတ်ပြန်ပါတယ်။
ဝါရင့်နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ ခူးရီမာန်ထူးဟာ ကိုယ်ကျိုးအတွက်မတွေးဘဲ ကရင်နီလူမျိုးတွေနဲ့ မြန်မာပြည်သူပြည်သားအားလုံးရဲ့ လွတ်မြောက်ရေးကြိုးပမ်းမှုအတွက် သူရဲ့ ဘဝကို မြှုပ်နှံထားတဲ့ ရိုးသားကျိုးနွံသူတယောက် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ခွန်းရီမာန်ထူး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားသမီး ၂ ယောက် ကျန်ရစ်တယ်၊ ခွန်းရီမာန်ထူးရဲ့ ကိုယ်ရေးရာဇဝင်၊ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်းနဲ့ ဈာပန အခမ်းအနား ကျင်းပမဲ့နေရာ၊ အချိန်တွေနဲ့ပတ်သက်ပြီး ပါတီက အသေးစိတ် ထုတ်ပြန်ကြေညာပေးဖို့ လောလောဆယ် ပါတီထဲမှာ ဆွေးနွေးနေတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။











