ယူကရိန်းတို့ရဲ့ အဖမ်းမခံဘဲ ဗုံးဖောက်ခွဲခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ချီးကျူးကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောပါတယ်။
“တွန့်ဆုတ်ခြင်းမရှိဘဲ ဗုံးဖောက်ခွဲပြီး ကိုယ့်ကိုယ်ကိုယ် အသေခံခဲ့တာ ကြီးမြတ်တဲ့ ဂုဏ်ယူစရာဖြစ်ပြီး သူရဲကောင်းတွေ” လို့ ကင်မ်က ဒီအပတ်မိန့်ခွန်းမှာ ချီးကျူးခဲ့တာပါ။
ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်သား ၁၅,၀၀၀ ထက်မနည်း ဝင်ရောက်ကူညီ တိုက်ခိုက်ပေးခဲ့တာဖြစ်ပြီး ၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကတော့ သေဆုံးစစ်သားအရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြု ထုတ်ပြန်တာမျိုး မရှိပါဘူး။
ကင်မ်က“သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုက လျော်ကြေးရဖို့ မဟုတ်ပါဘူး။ ပြီးတော့ ဆုရဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာလည်း မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့စစ်တပ်ရဲ့ အမြင့်ဆုံး သစ္စာရှိမှုကို ဖော်ပြတာ” လို့ ကျဆုံးတပ်ဖွဲ့ဝင်တွေအတွက် အမှတ်တရပြောကြားရာမှာ ပြောဆိုခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။
အဲဒီအခမ်းအနားကို ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ရုရှားလွှတ်တော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တို့ တက်ရောက်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှာ ရုရှားသမ္မတ ပူတင်နဲ့ ကင်မ်တို့ဟာ ၂ နိုင်ငံ စစ်ရေးအပြန်အလှန်ကူညီပေးဖို့ ကတိကဝတ်ပြုခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားအတွက် စစ်သားတွေ စေလွှတ်သလို ကာ့ခ်ဒေသ ပြန်တည်ဆောက်ဖို့လည်း အလုပ်သမားတွေ ထောင်နဲ့ချီပြီး စေလွှတ်ဖို့ ကတိပြုထားပါတယ်။
Source: Reuters










