
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်နဲ့ လီနင်ဂရက်ဒေသတို့က ရေနံဆိုင်ရာ စက်ရုံအဆောက်အအုံတွေ၊ ထောက်ပံ့ပို့ဆောင်ရေးစခန်းတွေနဲ့ ဒေတာစင်တာတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ လူတယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။
မြို့ထဲက ရေနံလက်ခံဖြန့်ဖြူးရေးစခန်း၊ ရေနံသိုလှောင်ရုံနဲ့ စက်မှုလုပ်ငန်းသုံး ဂိုဒေါင်တွေမှာ မီးလောင်ခဲ့တယ်လို့ စိန့်ပီတာစဘတ်မြို့တော်ဝန် အလက်ဇန္ဒား ဘက်ဂလော့ဗ်က ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တခုမှာ စိန့်ပီတာစဘတ် ရေနံလက်ခံဖြန့်ဖြူးရေးစခန်း ရှိရာဘက်ကနေ မီးတောက်တွေနဲ့ မီးခိုးမည်းတွေ တက်လာတာကို တွေ့မြင်ရပါတယ်။
ဗီဒီယိုဖိုင်ထဲကနေရာကို မှတ်တမ်းဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီနေလို့ ဗီဒီယိုစစ်မှန်မှုကို အတည်ပြုနိုင်ခဲ့ပါတယ်။
မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက်အရ ဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တဲ့ ရက်စွဲကို အတည်ပြုနိုင်ခဲ့ပါတယ်။ ရုရှား အွန်လိုင်းလက်လီရောင်းချရေးကုမ္ပဏီ အော့ဇွန်းက စိန့်ပီတာစဘတ်မြို့က ထောက်ပံ့ပို့ဆောင်ရေးစခန်း မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။
အင်တာနက်ကုမ္ပဏီ VK ကလည်း လီနင်ဂရက်ဒေသက ဒေတာစင်တာတခု ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပေမဲ့ ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဆက်သုံးနိုင်တယ်လို့ ပြောပါတယ်။
ယူကရိန်းစစ်တပ်က စိန့်ပီတာစဘတ်မြို့နားက VK ဒေတာစင်တာတခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ Fire Point က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ညပိုင်းက ရုရှားဒေသတွေပေါ် ပျံသန်းလာတဲ့ ယူကရိန်းဒရုန်း ၁,၀၁၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters











