DVB Logo
Home
မြန်မာသတင်း
ပြန်ကြားရေး အမြဲတမ်းအတွင်းဝန်အဖြစ် ဦးတင့်ဆွေကို ခန့်အပ်
DVB
·
April 20, 2015
ပြန်ကြားရေး အမြဲတမ်းအတွင်းဝန်အဖြစ် ဦးတင့်ဆွေကို ခန့်အပ်
Donate to DVB

အစိုးရ၀န်ကြီးဌာနတွေအတွက် အမြဲတမ်းအတွင်းဝန်ရာထူးသစ်တွေကို စတင်ခန့်အပ်နေရာမှာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် မြန်မာ့အသံနဲ့ရုပ်မြင်သံကြား ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို ခန့်အပ်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးပိုက်ထွေးက “ကျနော်တို့ဝန်ကြီးဌာနတော့ ခန့်လိုက်ပြီ၊ ဦးတင့်ဆွေကို ခန့်ပါတယ်။ အတွင်းဝန်က ၀န်ကြီးဌာန တခုလုံးနဲ့ ပတ်သက်ပြီးတော့မှ သူက လုပ်ငန်းပိုင်းဆိုင်ရာတွေကို အဆက်မပြတ် လုပ်ကိုင်နိုင်အောင် ထိန်းညှိပြီးတော့ကွပ်ကဲရတာပေါ့။ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်မယ်၊ ပိုပြီးတော့ အောင်မြင်မယ်လေ။ ဆိုလိုတာက ကျနော်တို့က အစိုးရအဖွဲ့ ၅ နှစ်တကြိမ် ပြောင်းနေတယ်။ ဒီအတွင်းဝန်ကတော့ ဘယ်လိုပဲ အစိုးရပြောင်းပြောင်း ၀န်ကြီးဌာနတွေမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မပျက် စဉ်ဆက်မပြတ်ထိန်းသိမ်းကွပ်ကဲပြီးတော့မှ ဒါကို ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမြဲတမ်းအတွင်းဝန် ပထမဆုံးဖြစ်လာသူ ဦးတင့်ဆွေ ဟာ တပ်မတော် ဗိုလ်မှူးဟောင်းတဦးဖြစ်ပြီး လက်ရှိ မြန်မာ့အသံရုပ်မြင်သံကြား ညွန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသူ၊ အရင်က ပြန်/ဆက် ဒုညွန်ချုပ်တာဝန်နဲ့ စာပေစိစစ်ရေးညွန်မှူး တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ခုလို ဦးတင့်ဆွေကို ပြန်ကြားရေး အတွင်းဝန်ရာထူးခန့်အပ်လိုက်တာဟာ စာနယ်ဇင်းသမားတွေနဲ့ ပြန်ကြားရေးဌာန ဆက်ဆံရေး ပိုမိုချောမွေ့လာနိုင်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုဥက္ကဋ္ဌ ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာခေတ်မိုးက သုံးသပ်ပါတယ်။

“ဗိုလ်မှူးတင့်ဆွေကို အတွင်းဝန်ခန့်တာဟာ စာနယ်ဇင်းသမားတွေအတွက် ပြဿနာ သိပ်ရှိပုံ မရဘူး။ သူသည် စာပေစိစစ်ရေးက လာတဲ့အတွက် စာပေစိစစ်ရေးကို ပြန်လုပ်စရာ အကြောင်းမရှိဘူး။ လုပ်ပိုင်ခွင့်လည်း သူ့မှာ မရှိတော့ဘူး။ သူလုပ်ရမှာက အခြားဝန်ကြီး ဌာနများကဲ့သို့ပဲ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေးယန္တယားကို ချောမွေ့စွာလည်ပတ် နိုင်အောင်လုပ်ပိုင်ခွင့်ရှိတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းသမားတွေရဲ့ ဆက်ဆံရေးအခြေအနေဟာ ပိုပြီးတော့ ချောမွေ့လာနိုင်စရာ အကြောင်းရှိတယ်။ သတင်းတွေကို ၀န်ကြီးအထိ အတည်ပြုချက်လိုက်ယူစရာမလိုဘဲနဲ့ အတွင်းဝန် အဆင့်လောက်ကို အတည်ပြုလို့ရမယ်ထင်တယ်။ ၀န်ကြီးဆီ အတည်ပြုချက်ရရယူဖို့ တင်မြင်ချက်တောင်းဖို့ စသည်ဖြင့် အတွင်းဝန်အဆင့်လောက်နဲ့ ပြီးသွားပြီဆိုရင် အကျိုးရှိမှာပေါ့။’

အစိုးရ၀န်ကြီးဌာန ၃၀ ကျော်ရှိတဲ့အထဲက ပြန်ကြားရေး၊ ကာကွယ်ရေး၊ စီးပွားကူးသန်း၊ ကျန်းမာရေး၊ စက်မှု၊ သစ်တော ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ၀န်ကြီးဌာန ၁၁ ခုမှာ အမြဲတမ်း အတွင်းဝန်တွေအဖြစ် ဧပြီလ ၁၀ရက်နေ့ကမှ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပထမအသုတ် စတင်ခန့်အပ်လိုက်တာပါ။

အမြဲတမ်းအတွင်းဝန် ခန့်တဲ့အခါ အရပ်သား ပညာရှင်တွေအစား စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ် အရာရှိဟောင်းတွေကိုပဲ ဦးစားပေးခန့်အပ်နိုင်တယ်လို့ ခန့်မှန်းနေကြတာဖြစ်ပြီး လွှတ်တော်မှာ လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ထဲမှာ ရာထူးတွေ ဖောင်းပွပြီး ထိရောက်မှုမရှိဖြစ်မှာကို စိုးရိမ်တဲ့အတွက် ရာထူးသစ်တွေ မခန့်သေးပဲ ဆိုင်းငံထားဖို့ လွှတ်တော်အမတ်တချို့က ကန့်ကွက် တင်ပြခဲ့ကြပါတယ်။

လွှတ်တော်နာယကသူရဦးရွှေမန်းကတော့ အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကို တင်ပြစရာ မလိုဘဲ လုပ်ပိုင်ခွင့်ရှိလို့ အမြဲတမ်းအတွင်းဝန်တွေ ခန့်အပ်တယ်ဆိုရင် နောင်ဖြစ်ပေါ်လာမယ့် ကိစ္စအရပ်ရပ်ကို တာဝန်ယူရမယ်လို့ ဧပြီလ ၉ ရက် ပြည်ထောင်စု လွှတ်တော်မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပါလီမန် ဒီမိုကရေစီခေတ်ကလည်း အမြဲတမ်းအတွင်းဝန်တွေခန့်အပ်ခဲ့ဖူးပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချပ်ဟောင်းဦးသန့်ဟာလည်း ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013