
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် လာရောက်ပြီး ၄ ရက်အကြာ မေ ၁၉ ရက် ညနေပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
မေ ၂၀ ရက် မနက်ပိုင်းမှာတော့ ပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ခရီးစဉ်မတိုင်ခင် မေ ၁၇ ရက်မှာလည်း ခေါင်းဆောင် ၂ ယောက်ဟာ ဂုဏ်ပြုသဝဏ်လွှာတွေ အပြန်အလှန် ပေးပို့ခဲ့ကြပါတယ်။
အခုလို တရုတ်က အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေကို တပတ်အတွင်း ဆက်တိုက် ဧည့်ခံတာဟာ စစ်အေးခေတ်နောက်ပိုင်း အင်မတန်ရှားပါးတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ “Power of Siberia 2” သဘာဝဓာတ်ငွေ့ပိုက်လိုင်းအရေး အပါအဝင် နှစ်နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ ကရင်မလင် တာဝန်ရှိသူ ယူရီအူရှာကော့ဗ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်ပို့မှု ရပ်တန့်နေချိန်မှာ တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးက အရေးကြီးနေပါတယ်။
ပြီးခဲ့တဲ့အပတ်က ထရမ့်ပ်နဲ့ ရှီ တို့ရဲ့ ဆွေးနွေးပွဲမှာတော့ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကိုပဲ အဓိကထားခဲ့ပါတယ်။
ရှီက ထိုင်ဝမ်အရေးကို သတိပေးခဲ့ပြီး ထရမ့်ပ် ကတော့ ထိုင်ဝမ်ကို လက်နက်ရောင်းမဲ့ အစီအစဉ်ကို အတည်ပြုဖို့ မဆုံးဖြတ်ရသေးပါဘူး။
ဒါကြောင့် ရှီနဲ့ ပူတင်တို့ရဲ့ တွေ့ဆုံပွဲမှာ အနာဂတ်ပဋိပက္ခတွေအတွက် စွမ်းအင်သေချာစေဖို့ ရုရှားဆီကနေ စွမ်းအင်ပိုမိုဝယ်ယူဖို့ တွန်းအားပေးနိုင်ခြေ ရှိနေပါတယ်။










