
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ဆေးဆိုင်တွေကို အာရက္ခတပ်တော် (AA) နဲ့ FDA ဌာနဆိုင်ရာတွေက စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်အတွင်းက ဆေးဆိုင်တွေကို သြဂုတ် ၂၄ ရက်က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဒေသတွင်းဌာနဆိုင်ရာတွေနဲ့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) တို့ ပူးပေါင်းပြီး စစ်ဆေးခဲ့တယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“အမြို့မြို့အနယ်နယ်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေတယ်။ အဓိက တားမြစ်ထားတဲ့ဆေးတွေ ရောင်းချမှုရှိ၊ မရှိ၊ date ကုန်၊ မကုန်တွေ သတ်မှတ်ထားတဲ့အတိုင်း သိုလှောင်မှု ရှိ၊ မရှိ စစ်ဆေးတာ။ တချို့ဆေးတွေဆို အတုတွေရှိတယ်။ date လွန်တာရှိတယ်။ သာမန်လူတွေ မသိနိုင်တော့ ဝယ်သောက်ရင် ဆိုးကျိုးများတယ်။ ဒါကြောင့် အခုလို စစ်ဆေးရတာ။”
ရခိုင်မှာ ဆေးဝါး၊ စားသောက်ကုန်နဲ့ အလှကုန်တွေကို အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး ဌာနခွဲ (FDA) က စနစ်တကျ စစ်ဆေးလျက်ရှိပြီး တရားမဝင်ဆေးဝါးနဲ့ အလှကုန်တွေ စစ်ဆေးတွေ့ရှိပါကလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ မြောက်ဦးမြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“Date လွန်တဲ့ ဆေးတွေဖြစ်ဖြစ် အလှကုန်တွေဖြစ်ဖြစ် တားမြစ်ထားတဲ့အရာတွေကို ရောင်းချရင် ထိရောက်စွာ အရေးယူသင့်တယ်။ မဟုတ်ရင် ဆက်ပြီး ဒီလိုပဲဖြစ်နေဦးမှာ။”
ဆေးဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို စည်းကမ်းချက်နဲ့အညီ ရောင်းချဖို့၊ သက်တမ်းလွန် ဆေးဝါးတွေကို မရောင်းချဖို့နဲ့ တားမြစ်ထားတဲ့ တရားမဝင် ဆေးဝါးတွေရဲ့ အကြောင်းကိုလည်း FDA ဌာန ဝန်ထမ်းတွေက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။











