DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် လေပြင်းများတိုက်ခတ် ၁ ဦးသေ ၆ ဦး ဒဏ်ရာရ
DVB
·
April 20, 2015
တာချီလိတ်တွင် လေပြင်းများတိုက်ခတ် ၁ ဦးသေ ၆ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စုထဲမှာ ဧပြီလ ၁၉ ရက် ညနေပိုင်းက မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရသွားတယ်လို့ ကျေးရွာအာဏာပိုင်က ပြောပါတယ်။

တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်လောက်က မိုးရောလေပါ ပြင်းထန်စွာကျတဲ့အတွက် မိုင်းဖုန်း ကျေးရွာအုပ်စု ဟွေ့လင်လမ်ရွာက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ညောင်ပိန္နဲပင်ကြီး ပြိုလဲပြီး လူတွေထိခိုက်သေကြေရတာလို့ မိုင်းဖုန်း (ခ) အုပ်စုမှူး ဦးစိုင်းနေ၀င်းက ဒီဗွီဘီကို ပြောပါတယ်။

“ရွာမတည်ခင်ကတည်းက ရှိနေတဲ့သစ်ပင်ကြီး လဲကျလာတာဗျ။ အဲဒီသစ်ပင်ဘေးမှာ ဆိုင်ကယ်ပြင်ဆိုင်ရှိတယ်။ အခုသေဆုံး ဒဏ်ရာရသူတွေက ဆိုင်ကယ်လာပြင်တဲ့ လူတွေ ဖြစ်ပါတယ်။ ဟွေ့လင်လမ် ရွာသားတွေချည်းပါပဲ။ ဒဏ်ရာရတာ စုစုပေါင်း ၇ ယောက်။ ချင်းရိုင်းဆေးရုံကို ခေါ်သွားပါတယ်။ ဆေးရုံရောက်ပြီး မကြာဘူး ၁ ယောက် ဆုံးသွားတယ်။ နောက်ထပ် ဒဏ်ရာပြင်းထန်တာ ၂ ယောက် ရှိတယ်။ တယောက်က အိုင်စီယူအရေးပေါ်ခန်း ထဲမှာ၊ ကျန်တဲ့ လူတွေတော့ ဒဏ်ရာမပြင်းထန်လို့ ဆေးရုံမတက်ရဘူး။”

သေဆုံးသူမှာ အသက် ၁၆ နှစ်ရွယ် အိုက်လတ် ဆိုသူဖြစ်ပြီး ကြီးမားတဲ့ သစ်ကိုင်းက ခေါင်းပေါ်ပြုတ်ကျတာလို့ ဆိုပါတယ်။ အခြားဒဏ်ရာပြင်းထန်သူ ၂ ဦးမှာ အိုက်ကျစ်နဲ့ အိုက်ဆုမ်ပွန်း တို့ ဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတစ်ဦးကလည်း မနေ့ညနေက လေပြင်းတိုက်မှုမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်တဲ့အိမ် လုံးဝပျက်စီးတဲ့အပြင် ကားတစ်စီးနဲ့ ဆိုင်ကယ် ၄ စီးတို့ပါ ပျက်စီးကြောင်း၊ သက်ဆိုင်ရာ ခရိုင် နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့လည်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဟွေ့လင်လမ် ရွာသူကြီး ဦးလုန်းကျန်ကလည်း အခြားနေအိမ်အလုံး ၃၃ လုံးလည်း ခေါင်မိုးတွေ ပျက်စီးကာ သီးနှံစိုက်ခင်းတွေလည်း ပျက်စီးကြောင်း၊ သူတို့ရွာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်လည်း လေပြင်းတိုက်တာ ကြုံခဲ့ပေမယ့် အခုလောက်ပျက်စီးဆုံးရှုံးမှုတွေ မများခဲ့ဘူးလို့ ပြောပါတယ်။

မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုထဲမှာ ရွာပေါင်း ၂၁ ရွာရှိပြီး အခြား နမ့်လူးရွာဘက်မှာလည်း လေပြင်းတိုက်မှုကြောင့် ဓာတ်တိုင်ကျိုးကျတာ၊ ခေါင်မိုးလန်တာ၊ စိုက်ပျိုးသီးနှံပျက်စီးတာ ရှိပေမယ့် စာရင်းအတိအကျ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013