
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာက တရားစခန်းကို ဥပုသ်နေ့မှာ စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ တရားထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဒီနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်းမှာ ဒေသခံတွေ တရားထိုင်နေကြတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲချတာကြောင့် သက်ကြီးရွယ်တွေ အပါအဝင် ၁၂ ယောက် သေဆုံးတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တံတားဦးလေတပ်ကနေ ဗုံးလာကြဲတာဗျ။ ဆွဲလဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းပေါ်ကို ၂ ကြိမ် ဗုံးကြဲတာ။ အဲဒီမှာရှိတဲ့ ၁၀ ရက် တရားစခန်း ဝင်နေသူတွေကို ထိတာ” လို့ DVB ကို ပြောပါတယ်။
သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့ရပြီး အသေးစိတ် အချက်အလက်ကိုတော့ စာရင်းပြုစုနေဆဲလို့ ဆိုပါတယ်။
ဩဂုတ် ၁၉ ရက်ကလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ မြောင်မြို့နယ် မြောက်ခြမ်းက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။











