
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တည့်မတ် လွှဲပြောင်းပေးနိုင်ခဲ့တာကြောင့် ဝမ်းသာအားရ ဖြစ်မိတယ်လို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ အကြမ်းဖက် အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
အဓမ္မ အာဏာသိမ်းပြီး ၅ နှစ်အကြာ သမ္မတရာထူးပြောင်းယူဖို့ ပြင်ဆင်နေချိန် ဧပြီ ၅ ရက်က လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုတဲ့ပွဲမှာ ပြောတာလို့ စစ်ကောင်စီဝါဒဖြန့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတရဲ့ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်တဲ့ အခမ်းအနားလို့ သုံးနှုန်းထားပြီး စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်း အပါအဝင် ခေါင်းဆောင်ပိုင်းတွေ၊ စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေ တက်ကြပါတယ်။
စစ်ခေါင်းဆောင်က “မိမိတို့တတွေသည် မြန်မာနိုင်ငံ၏သမိုင်းတွင် နိုင်ငံ၏ အန္တရာယ် ရန်စွယ်ကျမည့် အချိုးအကွေ့တခုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကို မူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ် လွှဲပြောင်းပေးနိုင်ခဲ့သော သမိုင်းမော်ကွန်းတခုကို စိုက်ထူနိုင်ခဲ့သဖြင့် ဝမ်းသာအားရ ဖြစ်ရကြောင်း၊ ထို့ကြောင့် မိမိနှင့်အတူ ၅ နှစ်တာကာလ လက်တွဲပြီး တာဝန်ကျေခဲ့ကြသည့် ယခုအခမ်းအနားကို တက်ရောက်လာကြသူများ အားလုံးကို လေးလေးစားစား ဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း” လို့ ပြောပါတယ်။
ဒီပွဲကိုတက်ကြသူတွေဟာ စစ်အာဏာသိမ်း ၅ နှစ်တာ အစအဆုံးမှာ ပေးတဲ့တာဝန်တွေကို သစ္စာရှိရှိ ကျေပွန်အောင် လုပ်ခဲ့သူတွေဖြစ်ပြီး တချို့ကိုတော့ လက်တွဲဖြုတ်ခဲ့ရတာ ရှိတယ်လို့လည်း ပြောပါတယ်။
စစ်ခေါင်းဆောင်က “မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအတွင်း၌ အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့် လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှု လွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့်မညီသည်များ အချို့ရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲကြားက နိုင်ငံကို တည်ဆောက်ရာတွင် မဖြစ်သင့် မဖြစ်ထိုက်သည်များ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများ ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ကိုယ့်ကိုယ်ကိုယ် ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ ရာထူးအမျိုးမျိုး ပြန်လည်ခန့်အပ်ခဲ့ပြီး အခုလည်း ရွေးကောက်ပွဲဝင်မပြိုင်ဘဲ စစ်အုပ်စုရဲ့ ထောက်ခံမှုနဲ့ သမ္မတရာထူး ပြောင်းယူထားသလို စစ်ဘက်ရာထူးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး ရာထူးကိုလည်း ဆက်လက်အသုံးပြုနေပါတယ်။
စစ်ကောင်စီနဲ့ အစိုးရအဖွဲ့ကိုလည်း မကြာခဏ အပြောင်းအလဲလုပ်ခဲ့ပြီး တချို့ကို တာဝန်ကနေ နားလိုက်သလို ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တို့ကိုတော့ ထောင်ဒဏ်ပေးတာမျိုးလည်း လုပ်ခဲ့တာပါ။
သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အစဉ်အမြဲ သတိရနေမဲ့အကြောင်းနဲ့ လေးလေးစားစား ဂုဏ်ယူ အသိအမှတ်ပြု ကျေးဇူးတင်နေမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ဒီပွဲကို စစ်ခေါင်းဆောင်၊ ဒုစစ်ခေါင်းဆောင်နဲ့ တပ်ချုပ်အသစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ဟာ စစ်ဝတ်စုံမဝတ်ဘဲ တိုက်ပုံနဲ့ တက်လာတာလာကို တွေ့ရပြီး တယောက်နဲ့ တယောက် အလေးပြုကြတဲ့ ရုပ်သံမှတ်တမ်းကိုတော့ MRTV က ဖြတ်တောက် ထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။
ဒီပွဲမှာ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဖြစ်သလို အစိုးရအဖွဲ့စာရင်းမှာ ပြန်ကြားရေးဒုဝန်ကြီး ဖြစ်နေသေးတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုတော့ မတွေ့ရပါဘူး။










