DVB Logo
Home
Lead Story
အတူတူကို စိတ်ဝင်စားခြင်း
DVB
·
April 18, 2015
အတူတူကို စိတ်ဝင်စားခြင်း
1 / 2
Donate to DVB

“အစဉ်အလာမဟုတ်တဲ့ လိင်အတွေ့အကြုံ  အထူးသဖြင့် ငယ်စဉ်ကကြုံတွေ့ဖူးခြင်း။

(က) ငယ်ငယ်လေးနဲ့ (မာစတာဘေးရှင်း) ဘာသာအာသာဖြေခြင်း။

(ခ) အပြာ စာ-စာအုပ်-ဗီဒီယိုတွေနဲ့ ငယ်ငယ်ကတည်းက တွေ့ကြုံရဖူးခြင်း။

(ဂ) အစဉ်အလာမဟုတ်လိင်မှု ….”

တခါမှမရေးဘူးသေးတဲ့အကြောင်းအရာ ရေးရပါပြီ။ မေးလို့ပဲပါ့။ လိင်တူအကြောင်း။ ဒီဘာသာရပ်ကို ခရေစေ့တွင်းကျ မရေးလိုပါ။ မေးတဲ့သူတွေမှာ အကျိုးရှိနိုင်တာသာ ရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေရှိပါမယ်။

“ဂေး” ဆိုတဲ့စကားလုံးကို အပူအပင်ကင်းသူ၊ ပျော်ပျော်နေသူ၊ ထက်မြက်သူ၊ စတဲ့ အဓိပ္ပာယ်တွေနဲ့ အရင်က သုံးခဲ့ပါတယ်။ ဂေး = လိင်တူသမားလို့သာ မှတ်လာကြတာက ၂ဝ ရာစု ရောက်ခါနီးမှပါ။ လိင်တူဆိုတာတောင် (ကျား-ကျား)၊ (မ-မ) နှစ်မျိုးလုံးနဲ့ ဆိုင်ပေမယ့် ၂၁ ရာစုထဲမှာ (မ) တွေအတွက် လက်စဘီယန်(Lesbian) စကားလုံးကို ပေးပြီး ဂေး(Gay) ကို ယောက်ျားတွေက အပိုင်သိမ်းလာကြတယ်။ ဗန်းစကားတွေက များတယ်။ ဒါပေမယ့် ခုခေတ်မှာ ခေါ်ဖို့ မပြောနဲ့ စာထဲမှာ အဲလိုလည်း ခေါ်တယ်လို့ ရေးရင်တောင်မှ ကလော်တုပ်တာ ခံရမယ်။

ပုံမှန်တွေကို Straight အဖြောင့်သမားလို့ သုံးလာရတယ်။ (ဟိုမိုဆက်ကျူရယ်လတီ) လိင်တူစိတ်ဝင်စားမှုရဲ့ သဘောဟာ အလွန် အင်မတန်ရှုပ်ထွေးတာကို သိလာရတယ်။ မိသားစု၊ ပတ်ဝန်းကျင်၊ အကျင့်စရိုက်၊ အကုန်ဆိုင်နေတယ်။ အတော်များများမှာ မသိစိတ်ကနေ ရွေးချယ် ပေးနေတယ်။ တချို့မှာ ကလေးဘဝကတည်းက မိဘတွေက လိုအပ်တာမို့ ဖြစ်ကြရတယ်။ မျိုးဗီဇလို့ သက်သေမပြနိုင်သေးပါ။

ယူနုခ်ျ(Eunuch) လို့ခေါ်တဲ့ သင်းကွပ်ယောက်ျားတွေက တမျိုး ဖြစ်ပါတယ်။ မြန်မာရာဇဝင်ထက် တရုတ်နဲ့ အိန္ဒိယသမိုင်းထဲမှာ ထင်ရှားခဲ့တာတွေ ရှိတယ်။ Castration သင်းကွပ်တယ်ဆိုတာ Testes ယောက်ျားအစိကို ထုတ်ပေးထားတာ ဖြစ်ပါတယ်။ Testosterone (တက်စတိုစတီရုန်း) ကျားဟော်မုန်း မထုတ်နိုင်တော့လို့ လိင်ဆိုင်ရာတွေမှာ ယောက်ျားလို မဖြစ်တော့ပါ။ ခုခေတ်မှာတော့ အဲဒီသူတွေကို တကယ်ပဲ သင်းကွပ်ထား၊ မထား ပြောမရပါ။ အိန္ဒိယမှာတော့ သူတို့ဟာ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

တချို့နေရာတွေမှာ ဘာမဆို ပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေ မလိုဘူး၊ နောင်ဘဝဆိုတာ မယုံဘူး၊ အခု သာယာနေတာ၊ ချမ်းသာတာတွေက အဓိကစတဲ့ အယူအဆတွေကြောင့် ကမ္ဘာ့တခြားနေရာတွေထက် အကောင်းလို့ ပြောနိုင်တာတွေရော အဆိုးအစစ်တွေပါ လွန်ကဲနေတယ်။ အမေရိကန်စစ်မှုထမ်းဥပဒေအသစ်အရ စစ်ထဲဝင်မယ့်သူကို ကျားလား၊ မ လား၊ ဂေးလား၊ လက်စဘီယန်လား၊ မေးလဲ မမေးနဲ့၊ မေးလဲ ဖြေစရာ မလိုဘူးတဲ့။ (ကျနော်ကို ကျန်းမာရေးမေးသူတွေက အဲတာ ထည့်မပြောရင် မဖြေနိုင်ပါ။)

မျက်မှောက်ကမ္ဘာမှာ လူတိုင်းဟာ ဦးနှောက်ဆေးခံနေကြရတယ်။ ရေဒီယို နားထောင်၊ ရုပ်ရှင်-ပြဇာတ်-တီဗွီ-ဗွီစီဒီ ကြည့်၊ ကြော်ညာတွေမြင်၊ သတင်းစာကအစ ဖြစ်စေချင်တာ၊ ဖတ်စေချင်တာတွေနဲ့ သည်းခြေကြိုက်တွေကိုသာ (၂၄ x ၇) မဖတ်ချင်၊ မကြားချင်၊ မမြင်ချင်အဆုံး။ ဒီအထဲမှာ လိင်တူစိတ်ဝင်စားမှုလဲ ပါတယ်။ ၂ဝဝ၉ တုန်းက မောင်မစ္စကပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာ ကျင်းပလို့ ဖတ်လိုက်ရတယ်။

ဒီအကြောင်းအရာကို ဦးဆုံးစက်တင်ပုံနှိပ်ခဲ့တာ ၁၈၆၉ ခုနှစ်မှာ ကားလ်-မာရီယာ ရကာ့ ဘင်နီ (Karl-Maria Kertbeny)ရဲ့ ဝတ္ထုဖြစ်ပေမဲ့ အမည်မဖော်လိုသူတဦးဆိုပြီးသာ ရေးခဲ့ရတာပါ။ လိင်တူစိတ်ဝင်စားမှုကို စိတ်ပညာအရ စလေ့လာတုန်းက စိတ်ရောဂါတမျိုးလို့ သတ်မှတ်ခဲ့တယ်။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇ဝ ခုနှစ်ကျော်တော့ လိင်စိတ်တိမ်းညွှတ်မှု ပြောင်းလဲတတ်တဲ့ သဘာဝဖြစ်စဉ်လို့ ဆိုလာကြတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုဖြစ်နေသူ ၂-၁၃ ရာခိုင်နှုန်း ရှိတယ်။ တိုးနေအုံးမှာပါ။

သဘာဝအရ ယောက်ျားကိုယ်ရှိသူဟာ မိန်းမကိုယ်ခန္ဓာကိုယ်ရှိသူကို နှစ်သက်တယ်။ အပြန်အလှန်ပေါ့။ အမြဲမှန်တာတော့ မဟုတ်ပြန်ဘူး။ တချို့ ပြောင်းပြန်ဖြစ်နေတာတွေ ရှိတယ်။ လိင်တူ စိတ်ဝင်စားမှုဆိုတိုင်း လိင်အင်္ဂါတွေ သုံးပြီးဆက်ဆံတာ မဟုတ်ပါ။ စိတ်ကစားတာ၊ အမူအယာပြုတာ၊ အပြောအဆို၊ ဝတ်စားတာ၊ စွဲလမ်းမှုဖြစ်တာတွေလည်း ပါတယ်။ ရေဒီယိုတွေကနေ အသံကြားတာနဲ့ မှန်းလို့ ရတယ်။

ဘာလို့ လိင်တူဖြစ်လာသလဲ။ ၁၉၄ဝ-၁၉၇ဝ လိင်တူအကြောင်းလေ့လာမှုတခုအရ -

- ၂၂ ရာခိုင်နှုန်းမှာ လိင်တူအတွေ့အကြုံ ငယ်စဉ်ကရှိခဲ့ခြင်း။

- ၁၆ ရာခိုင်နှုန်း မှာ လိင်တူအတွေ့အကြုံ ငယ်စဉ်ကသာမကရှိခဲ့ခြင်း။

- ၁၅ ရာခိုင်နှုန်း မှာ မိခင်နဲ့ အဆင်မပြေဖြစ်ခဲ့ခြင်း။

- ၁၅ ရာခိုင်နှုန်းမှာ သူများနဲ့ ကွဲပြားတဲ့အခြေအနေ ရှိခြင်း၊ (အနုပညာဆန်ခြင်း၊ ပျက်စီးခြင်း၊ လိင်ကျန်းမာရေး အသိနည်းခြင်း)။

- ၁၄ ရာခိုင်နှုန်း ဖခင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခြင်း။

- ၁၂ ရာခိုင်နှုန်း အနီးအနားမှာ လိင်တူသမားရှိနေခြင်း။

- ၉ ရာခိုင်နှုန်း လူမှုရေးအသိုင်းအဝိုင်း အားနည်းချို့တဲ့ခြင်း။

- ၉ ရာခိုင်နှုန်း မွေးကတည်းကလိုဖြစ်နေခြင်း။

မူးယစ်ဆေးသုံးစွဲသူတွေထဲမှာ အတွေ့အကြုံများသူတွေကနေ လူသစ်တန်းကို မွေးကြတယ်။ အသက်အရွယ်ကြီးတဲ့ လိင်တူသမားတွေက ငယ်ရွယ်သူတွေကို အမိ ဖမ်းချင်ကြတယ်။ အသက်ငယ်စဉ်တုန်းက လိင်တူအတွေ့အကြုံကနေ ကြီးလာတဲ့အခါ လိင်အမူအယာကို လွှမ်းမိုးစေတယ်။ လိင်တူဖြစ်လာတဲ့သဘောဟာ နရိုကတည်းက မဟုတ်ပဲ နောက်မှ ပြောင်းလာကြတာ များတယ်။ အကုန် မပြောင်းကြပါ။ ဆန်းစစ်မှုတခုမှာ ၈၈ ရာခိုင်နှုန်း လက်စဘီယန်တွေနဲ့ ၇၃ ရာခိုင်နှုန်း ဂေးတွေဟာ ငယ်စဉ်တုန်းကတော့ ဆန့်ကျင်ဖက်လိင်ကိုသာ စိတ်ဝင်စားခဲ့ပါတယ်လို့ ဝန်ခံတယ်။ အခု ဟိုမိုတွေ ဖြစ်နေပေမယ့် ဆန့်ကျင်ဖက်လိင်ကိုလည်း စိတ်ဝင်စားတယ်လို့ လက်စဘီယန်ထဲက ၈၅ ရာခိုင်နှုန်း နဲ့ ဂေးထဲက ၅၄ ရာခိုင်နှုန်းက ဝန်ခံတယ်။

လိင်မှုလုပ်ဆောင်ချက်ကို လူမှုရေး (အထူးသဖြင့် ဘာသာရေး) ကနေ အများကြီး လွှမ်းမိုးတယ်။ ဘာသာရေးကို အလေးအနက်ထားသူတွေထဲမှာ အဖြစ်နည်းတယ်။ လေ့လာမှုတခုအရ ဘယ်ဘာသာကိုမှ မကိုးကွယ်သူတွေထဲမှာ ဟိုမိုဖြစ်တာ ၄ ဆ ပိုများတာ တွေ့ရတယ်။ ရိုမန်ကက်သလစ်က (ပိုနိုဂရပ်ဖီ) လိင်ဆိုင်ရာပုံတွေကို အကုသိုလ်လို့ သတ်မှတ်တယ်။ ခရစ်တော်က ဘယ်သူမဆို ရာဂစိတ်နဲ့ ကြည့်တာဟာလဲ ဖောက်ပြန်မှုတဲ့။ ဗုဒ္ဓဘာသာအဆိုအရ အပြစ်ဆိုတာ စိတ်၊ နှုတ်နဲ့ ကိုယ် ကံ ၃ ပါးစလုံး ကျူးလွန်နိုင်တယ်။ စိတ်က အဓိက ကျတယ်။ စိတ်ထဲမှာ ကျန်နေနေ၊ နှုတ်နဲ့ ရုပ်မပါစေနဲ့၊ ကာယကံမြောက် မဖြစ်စေနဲ့။

အေအိုင်ဒီအက်စ် ပြန့်ပွားလာတဲ့အခါ လုပ်တဲ့လေ့လာမှုအရ အသားဖြူလူတွေထက် အသားမည်းသူတွေထဲမှ ဟိုမို ၂ ဆ ပိုဖြစ်တာ တွေ့ရတယ်။ လိင်နှစ်မျိုးလုံး တိမ်းညွတ်သူတွေထဲမှာ အသားမည်းက အသားဖြူသူတွေထက် ၄ ဆ ပိုဖြစ်တယ်။ အသားမည်း ကလေးတွေဟာ ဖခင်မရှိပဲ မွေးတာ ၃၇ ရာခိုင်နှုန်း၊ အဖြူတွေမှာ ၁၇ ရာခိုင်နှုန်း ရှိတာနဲ့ ဆက်စပ် စဉ်းစားနိုင်တယ်။ အဲလို ကွာခြားချက်ဟာ မျိုးဗီဇလို့တော့ ယူဆလို့ မရပါ။

လိင်တူဆိုတာ သင်ယူလို့ တတ်လာတယ်လို့ ယူဆကြတယ်။ ဘာလို့ အဲလိုဖြစ်လာသလဲ။ ၁၉၄ဝ ခုနှစ်ကျော်တုံးက လိင်တူ ၁၇ဝဝ ယောက်နဲ့ လေ့လာမှု အကြီးစားတခု လုပ်တယ်။ ၁၉၇ဝ ခုနှစ်ကျော်မှာ ၉၇၉ ယောက်ကို လုပ်တယ်။ အများစုကြီးရဲ့ အဖြေကတော့ ဆိုရှယ်နဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကနေ လိင်တူတွေ ဖြစ်လာပါသတဲ့။

ဘာလို့ လိင်တူသမားဖြစ်သလဲ

၁။ လိင်တူအတွေ့အကြုံရှိဘူးခြင်း။

၂။ မိသားစု ပုံမှန်မဟုတ်ခြင်း

(က) မိခင်ရဲ့ လွှမ်းမိုးမှု ရှိခြင်း၊ ပိုင်ဆိုင်မှု များခြင်း၊ လက်မခံမှု ရှိခြင်း။

(ခ) ဖခင် မရှိခြင်း၊ အဆက်ဝေးခြင်း၊ လက်မခံမှု ရှိခြင်း၊

(ဂ) မိဖတဦးဦးကနေ လိင်တူဆန်ဆန်ပြုမှုတာ ခံရခြင်း။

(ဃ) မောင်နှမတွေထဲမှာ လိင်တူဖြစ်နေသူ ရှိခြင်း။

(င) အိမ်တွင်းမှာ ဘာသာရေးအဆုံးအမ နည်းခြင်း။

(စ) လင်မယားကွာရှင်းမှု ရှိခြင်း။

(ဆ) မိဘတွေကနေ အစဉ်အလာမဟုတ်တဲ့လိင်မှုကို ပုံစံပြနေခြင်း။

(ဇ) လိင်တူလူနေမှုဘဝကို တရားသဖြင့်ဖြစ်တယ်လို့ သတ်မှတ်ပေးထားခြင်။ သူငယ်ချင်းတွေ၊ အသိုင်းအဝိုင်းတွေကို လက်သင့်ခံ ကြိုဆိုနေခြင်း။

၃။ အစဉ်အလာမဟုတ်တဲ့ လိင်အတွေ့အကြုံ အထူးသဖြင့် ငယ်စဉ်ကကြုံတွေ့ဖူးခြင်း။

(က) ငယ်ငယ်လေးနဲ့ (မာစတာဘေးရှင်း) ဖာသာအာသာဖြေခြင်း။

(ခ) အပြာ စာ-စာအုပ်-ဗီဒီယိုတွေနဲ့ ငယ်ငယ်ကတည်းက တွေ့ကြုံရဖူးခြင်း။

(ဂ) အစဉ်အလာမဟုတ် လိင်မှု (အုပ်စုလိုက် လိင်ဆက်ဆံခြင်း၊ တိရိစ္ဆာန်နဲ့လိင်ဆက်ဆံခြင်း) ကို မြင်ဖူးခြင်း။

(ဃ) မိန်းကလေးငယ်ငယ်မှာ အရွယ်ကြီးယောက်ျားနဲ့ လိင်မှု တမျိုးမျိုး ရှိခြင်း။

၎။ ယဉ်ကျေးမှု လွှမ်းမိုးခြင်း

(က) လိင်တူအရေးကို ဆိုရှယ်ဘဝမှာ ကြည့်မြင်နေရခြင်း။

(ခ) လိင်တူအသားပေး ပညာပေးထာခံရခြင်း။

(ဂ) လွှမ်းမိုးသူ ဥပမာ ကျောင်းဆရာ-ဆရာမ၊ အားကစားဆရာ-ဆရာမက လိင်တူသမား ဖြစ်နေခြင်း။

(ဃ) လူမှုအသိုင်းအဝိုင်းနဲ့ ဥပဒေကြောင်းအရ လိင်တူကို ခွင့်လွှတ်လက်ခံထားခြင်း။

(င) လိင်တူဟာ ပုံမှန်သဘာဝပါလို့ ရုပ်ပုံ၊ ကြေညာတွေ ရှိနေခြင်း။

လိင်တူစိတ်ဖြစ်နေတာကို စောစောပြင်ရင် ဆက်မတိုးစေနိုင်ပါ။ တချို့က မပြင်ချင်ကြဘူး။ ပြင်ဖို့လိုကောင်းမှန်းတောင် မရှိစေအောင်၊ နက်သထက် နက်တဲ့တွင်းထဲ ပို့ချ-ဖိချနေတဲ့ လူမှုအသိုင်းအဝိုင်းမှာ နေကြရတယ်။ ပြင်ချင်တဲ့သူတွေကို အားပေးကြဖို့ တိုက်တွန်းပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူတွေကိုလိုပဲ ဒီလို လိင်တူတွေကို နှိမ်နင်းဖို့၊ နှိမ့်ချဖို့၊ ဝိုင်းပယ်ဖို့တော့ မလုပ်သင့်ပါ။ နားလည်မှုပေးပြီး၊ ဖေးမပြုပြင်ရမယ်။

၁၉၈၃ ခုနှစ်မှာ မိသားစုသုတေသနအင်စတီကျုကနေ လိင်တူ ၁၄၇ ယောက်ကို လေ့လာတယ်။ ၃၅ ယောက်က မွေးရာပါ ဒီအတတ်ကို တတ်ကြတာလို့ ပြောတယ်။ ဒါပေမယ့် လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ ၃၄ဝဝ ထဲက ၈ဝ ရာခိုင်နှုန်းကတော့ သူတို့ဟာ လေ့လာသင်ယူရာကနေ တတ်မြောက်လာတာလို့ ပြောပါတယ်။ ဘယ်သုတေသနကမှ မျိုးဗီဇ ကွာခြားချက် ရှိတာကို ဖော်ထုတ်လို့ မရပါ။ ဒါကြောင့် လိင်တူဟာ မွေးရာပါလို့ ပြောမရပါ။

လူတယောက်မှာ တသက်လုံး (ဂေး) ဖြစ်နေတော့မယ်ဆိုတာ မမှန်ဘူး။ ပြောင်းလဲစေနိုင်တယ်။ ငယ်တုံးကအကောင်း ကြီးမှပြောင်းတာလည်း ရှိတယ်။ (အိုရီယန်တေးရှင်း) တိမ်းညွှတ်မှုဟာ (ဖလူယွတ်ဒတီ) အရည်သဘောမျှသာဖြစ်တယ်လို့ ခေါ်တယ်။ (ဂေး) တွေရော (လက်စဘီယန်) တွေပါ ဘဝအဆင့်တခုမှာ အမြင်မှန်ပြန်ရလာမျိုး ဖြစ်နိုင်တယ်။ အဆင့် ၃ ဆင့်ရှိတယ်။ (၁) ကိုယ့်ကိုယ်ကိုယ် သိသွားခြင်း၊ (၂) သဘောပေါက်လာခြင်းနဲ့ (၃) ဆုံးဖြတ်ချက်ချနိုင်သွားခြင်း။

စိတ်ကုသနည်းနဲ့ လိင်တိမ်းညွှတ်မှုဆိုတာ ပြောင်းလို့ ရနိုင်တယ်၊ နည်းအောင် လုပ်နိုင်တယ်။ ဒါပေမယ့် ရာနှုန်းပြည့် မရသေးပါ။ အရုပ်၊ အသံ၊ ဗွီဒီယိုတွေက စိတ်ကို ကြွစေတာမို့ ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်းတာလည်း ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဖို့လိုရင် သတ္တိရှိရှိ ဆုံးဖြတ်သင့်တယ်။ မိဘတွေလည်း ကလေးအတွက် အချိန်ပို ပေးသင့်ကြတယ်။

လိင်တူဖြစ်နေတာကို ပြောင်းလို့ရလို့ လိင်တူဟောင်းများအသင်းတွေ ရှိတယ်။ စိတ်ပညာပြုပြင်ရေးနဲ့ ပျောက်ကင်းနှုန်း ၃ဝ ရာခိုင်နှုန်း ရှိတယ်။ ဆီးချိုရှိနေလို့ အချိုမစားရဘူးဆိုပြီး ဆရာဝန်က မှာထားတယ်။ လိုက်နာစောင့်ထိန်းသူတွေက လိုက်နာတော့ အသက်ရှည်တယ်။ ဆရာဝန်စကား မြေဝယ်မကျ နားထောင်ထားလို့ ပြောချင်တာတော့ မဟုတ်ပါ။ ဆီးချိုသမား အချိုမစားတာ အချိုကို မကြိုက်တော့တာ မဟုတ်ပါ။

လိင်တူနဲ့ HIV

လိင်တူကနေ အေအိုင်ဒီအက်စ်ရောဂါကိုစသိခဲ့တယ်။ အဲဒီကာလတွေမှာ (ဂေး) ရောဂါလို့ ခေါ်ခဲ့ကြတယ်။ HIV ပိုးတွေ့သူ ၇၈၄၇ဝ၁ ယောက်ထဲမှာ ယောက်ျားလိင်တူသမား ၃၉၆၈၁ဝ ယောက်   ၅၁ ရာခိုင်နှုန်း ပါတယ်။ (ဂေး) နဲ့ Heterosexuals (ဟက်ထရိုဆက်ကျူရယ်) နှစ်ဖက်ချွန် ခေါ်ကြတဲ့ လိင်တူရော ဆန့်ကျင်ဖက်လိင်နဲ့ပါ အတူနေတဲ့ ယောက်ျားတွေဟာ တခြားလူတွေထွက် HIV ကူးစက်တာ သိသိသာသာ များတယ်။ ၂ဝဝ၈ ကနေ ၂ဝ၁ဝ ခုနှစ် အတွင်း အဲလိုများတာ ၂ဝ ရာခိုင်နှုန်း တိုးလာခဲ့တယ်။

HIV ကူးစက်ခံရသူတွေထဲမှာ လိင်နှစ်မျိုးသမားတွေနဲ့ မူးယစ်ဆေးထိုးသူတွေဟာ ဆက်ပြီး များနေတယ်။ HIV ကပ်ရောဂါ ဖြစ်ကတည်းကဆိုရင် လိင်နှစ်မျိုးသမားပေါင်း ၉၂၆၁၃ ယောက်ပါတယ်။ HIV အသစ်ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိလို့က အဓိက ဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ၈၄ ရာခိုင်နှုန်း ရှိခဲ့တယ်။ မူးယစ်ဆေးထိုးလို့ ကူးစက်သူက ၁၆ ရာခိုင်နှုန်း ရှိတယ်။ ၂ဝ၁ဝ မှာ အမျိုးသမီးတွေကို ကူးစက်တာက ၂ဝ ရာခိုင်နှုန်း ရှိတယ်။ ၂ဝ၁၁ မှာ ၂၃ ရာခိုင်နှုန်း ရှိတယ်။ အမျိုးသမီးတွေမှာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိရင် ယောက်ျားတွေထက် HIV ကူးစက်ခံရနိုင်ခြေ ၂ ဆ များတယ်။ လိင်တူယောက်ျားတွေက HIV ကူးစက်ဖို့ အဆ ၂ဝ များတယ်။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013