DVB Logo
Home
ရွေးကောက်ပွဲ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲ ၀င်ရောက်ဖွယ် ရှိမလား၊ သူတို့အမြင်သူတို့စကား
DVB
·
April 18, 2015
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲ ၀င်ရောက်ဖွယ် ရှိမလား၊ သူတို့အမြင်သူတို့စကား
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ်ရေး ထိုးနိုင်ခဲ့ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ဖွယ်ရှိမလားဆိုပြီး စဉ်းစားစရာတွေ ပေါ်ထွက် လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို မေးမြန်းထားပါတယ်။

နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ)

[caption id="attachment_75675" align="alignleft" width="300"]Naing Han Thar နိုင်ဟံသာ[/caption]

“ဒါက တဆင့်ပေါ့ဗျာ။ အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ ရှိပါသေးတယ်။ အဲလိုအပစ်အခတ် ရပ်စဲရေးရပြီး ရင် နိုင်ငံရေး အရ ဆွေးနွေးသွားရ မယ့်အပိုင်းတွေ အရှည်ကြီး ရှိပါသေးတယ်။ ဒါကြောင့် ၂၀၁၅ရွေး ကောက်ပွဲကတော့ ဘယ်လိုမှ မီနိုင်မှာ မဟုတ်ဘူး။ နောက်တခုကတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ဆိုရင် ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ဆိုတာ လုံးဝ ထည့်မတွက်ထားပါဘူး။ ကျနော်တို့က လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အနေအထား၊ အဓိက အားဖြင့်ကတော့ ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံကိုပြင်ဖို့။ အဓိကအားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို တည်ထောင်ဖို့။ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုသေးတယ်။ နောက်တခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်သေးပဲနဲ့ ဒီပုံစံအတိုင်းဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြောရမယ်ဆိုရင် အချိန်ကာလအရရော အခြေအနေအရရော ဒီ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျနော်တို့ ဝင်နိုင်တဲ့အနေအထား မရှိသေးပါဘူး။”

ပဒိုကွယ်ထူးဝင်း (အထွေထွေအတွင်းရေးမှူး- ကရင်အမျိုးသားအစည်းအရုံး)

[caption id="attachment_67495" align="alignleft" width="300"]ပဒိုကွယ်ထူးဝင်း ပဒိုကွယ်ထူးဝင်း[/caption]

“နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေး လုပ်တဲ့ကာလမှာက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်ထဲမှာက လက်နက်တွေ ရှိနေဦးမှာပဲ ဖြစ် တယ်။ ရှေ့ဆက် လုပ်ဆောင်ရဦးမယ့် ကိစ္စ ဖြစ် တာကြောင့် ရွေးကောက်ပွဲဝင်မယ်ဆိုလို့ရှိရင်တော့ ဒါက လက်ရှိ အနေအထားနဲ့ မကိုက်ညီဘူးပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတခုက နိုင်ငံရေးပါတီ ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်မယ် ဆိုတာကတော့ မဖြစ်နိုင်သေးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးပါတီ ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆိုတာ လက်ရှိမှာကတော့ မဖြစ်နိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။”

ဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး)

[caption id="attachment_53000" align="alignleft" width="300"]ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း[/caption]

“ကျနော်တို့ လိုလားတဲ့နိုင်ငံရေး စနစ်ကို  ဥပဒေကြောင်းအရ ခိုင်မာအောင် လုပ်ပေးနိုင် တဲ့ အဆင့်ကို မရောက်သေးဘူး။ အဲဒီအတွက်ကြောင့် တရားဝင်အားဖြင့် ကျနော်တို့ ရပ်တည်ချက်က ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပမှာပဲ ရှိသေးတယ်။ အဲဒီအတွက်ကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တောင်မှ စာကြမ်းကို သဘောတူတဲ့အဆင့်ပဲ ရှိပါသေးတယ်။ တရားဝင်စာချုပ်ချုပ်နိုင်သေးခြင်း မရှိသေးဘူး။ စာချုပ်ချုပ်ပြီးရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရဦးမယ်။ အဲဒီရလဒ်ကနေပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပါတယ်။ အဲဒါ မရမချင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပမှာပဲ ရှိနေသေးတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ သေချာတာကတော့ ဝင်ဖို့ မဖြစ်သေးဘူး။”

ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ နာယက)

[caption id="attachment_59583" align="alignleft" width="300"]ဦးခွန်ဥက္ကာ ဦးခွန်ဥက္ကာ[/caption]

“အခု ကျင်းပ တဲ့ရွေးကောက်ပွဲ ဆိုတာက သူ့ဥပဒေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်တယ်။ အဲဒီ ဥပဒေက ဖန်တီး တဲ့ ရွေးကောက်ပွဲဖြစ် တဲ့အခါကျတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံမှု မရှိတဲ့ အဖွဲ့အစည်းတွေရှိတဲ့အခါကျတော့ ဒီအဖွဲ့အစည်း တွေက ရွေးကောက်ပွဲကို ဝင်ဖို့ အကြောင်း မရှိဘူး။ သို့သော်လည်းပဲ မလွဲမရှောင်သာ ၂၀၀၈ အခြေခံမူအောက်မှာ ရွေးကောက်ပွဲဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိတယ်။ ညီနောင် အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့ကိုလည်းပဲ ဝင်တဲ့အတွက် ကန့်ကွက်မှာတော့ မဟုတ်ဘူး။ တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲဖြစ်စဉ်က ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ လိုအပ်တဲ့ ဖြစ်စဉ်တခု ဖြစ်တာကြောင့် ဒါကိုလည်း အနှောင့်အယှက်အဟန့်အတား ပေးသွားမှာ မဟုတ်ဘူး။ သို့သော် ဒီရွေးကောက်ပွဲမှာတော့ အနှောင့်အယှက်ပေးဖို့ မရှိသလို ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းအနေနဲ့ကတော့ ရွေးကောက်ပွဲလမ်းကြောင်းသွားဖို့တော့ လုံးဝမရှိဘူးလို့ တင်ပြပါရစေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013