အင်ဒိုနီးရှားနိုင်ငံမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၃၂၁ ယောက်ကို မေ ၉ ရက်က အင်ဒိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော် ဂျကာတာအလယ်ပိုင်းရှိ ရုံးအဆောက်အအုံတခုမှာ ဖမ်းဆီးခံရသူတွေထဲမှာ ဗီယက်နမ်နိုင်ငံသား ၂၂၈ ယောက်၊ တရုတ်နိုင်ငံသား ၅၇ ယောက်၊ မြန်မာနိုင်ငံသား ၁၃ ယောက်၊ လာအိုနိုင်ငံသား ၁၁ ယောက်၊ ထိုင်းနိုင်ငံသား ၅ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃ ယောက် ပါဝင်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနမှ ဒါရိုက်တာ ဝီရာဆတ်တျာ ထရီပူထရာက သတင်းထောက်တွေကို ပြောပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာခဲ့ကြတာလို့ သိရှိထားပြီး သူတို့ရဲ့ အဓိကပစ်မှတ်မှာ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံတော်ဗဟိုရုံး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ အတွင်းရေးမှူး အန်တွန် ဝီဒ်ရတ်မိုးကိုက “အင်ဒိုချိုင်းနားဒေသ၊ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် တို့ဟာ နိုင်ငံတကာကလူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းတွေအတွက် လူစုဆောင်းရာ အခြေစိုက်ဒေသတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့ သိရှိထားပါတယ်”လို့ ပြောပါတယ်။
မေ ၈ ရက်ကလည်း အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက စင်ကာပူနိုင်ငံနဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ ဘတ်တမ်ကျွန်းမှာ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုနဲ့ ဆက်နွှယ်နေတဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၁၀ ကို ဖမ်းဆီးခဲ့ပါသေးတယ်။
Photo: Reuters










