
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာ တရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကျောင်းသူတယောက်ထိခိုက်မိပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဇွန် ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် အသက် ၁၇ နှစ်အရွယ် Grade 12 ကျောင်းသူရဲ့ ညာဘက်ခြေသလုံးနဲ့ ရင်အုပ်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "အဲ့ဒီဘက် တိုက်ပွဲ လုံးဝမရှိဘူး။ ကရင်နီမှာ တိုက်ပွဲဖြစ်တဲ့အထဲ အဲ့ရွာက တော့ တိုက်ပွဲတခါမှမရောက်ဘူး။ စစ်ရေးလည်းရှိတဲနေရာမဟုတ်ဘူး။ စစ်ဘေးရှောင်တွေတော့ ရှိတာပေါ့"လို့ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်ပြည်သူတွေပဲရှိတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
စစ်တပ်က ဇွန်လထဲမှာ ကရင်နီက မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေကို လေကြောင်း ကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖရူဆိုအနောက်ခြမ်းက ကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။










