DVB Logo
Home
Lead Story
မီးစဉ်ကြည့်ကရတဲ့ မင်္ဂလာ ဓာတ်ပုံဆရာဘဝ
DVB
·
April 16, 2015
မီးစဉ်ကြည့်ကရတဲ့ မင်္ဂလာ ဓာတ်ပုံဆရာဘဝ
1 / 2
Donate to DVB

မင်္ဂလာဆောင်တိုင်းလိုလို မှတ်တမ်းအဖြစ် ဓာတ်ပုံ ဗွီဒီယို ရိုက်ကြပါတယ်။ တသက်မှာ တခါပဲကြုံရတာမျိုးမို့ မှတ်တမ်းလေး ကောင်းကောင်းမွန်မွန် ဖြစ်ချင်တယ်။ မင်္ဂလာဆောင် ဓာတ်ပုံ ဗွီဒီယိုဆရာတွေဟာ ဦးစားပေးခံကြရတယ်။

ဒါပေမယ့်လည်း ခမျာများမှာ အချိုးမပြေ အဆင်မချောတာတွေလည်း အများသားပါပဲ။

မင်္ဂလာ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးရာမှာ ထိပ်ဆုံးတန်းက နေရာရနေတဲ့ ကိုဇော်ဇော် (ဘိုဓာတ်ပုံ) က သူ့လုပ်ငန်းကို ပြောပြတယ်။

“မင်္ဂလာဆောင် ဓာတ်ပုံရိုက်ရတော့မယ်ဆိုရင် ကျနော်က မင်္ဂလာပွဲမစခင် အစောကြီးကတည်းက မင်္ဂလာပွဲလုပ်မယ့် ခန်းမကိုသွားတာ။ မုန့်ပွဲပြင်တဲ့ နေရာလိုဟာ မျိုးမှာ ခပ်စွာစွာ အမျိုးသမီးကြီးရှိတတ်တယ်။ သူ့ကို ခင်အောင်အရင်ပေါင်းရတယ်။ ပြီးရင် သတို့သမီး သတို့သားအကြောင်း မင်္ဂလာဆောင်အကြောင်းသူ့ဆီက သိရတယ်။”

အချို့ကလည်း အရေးပါ အရာရောက်ချင်တယ်။ လူရာဝင်ချင်တယ်။ သူသိသူ တတ် ဖြစ်ချင်တယ်။ အဲဒီလို လူတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ။

မင်္ဂလာ ဓာတ်ပုံဆရာက ဘာကြောင့် မင်္ဂလာဆောင်အကြောင်း၊ သတို့သား သတို့သမီးအကြောင်း စပ်စုဖို့ လိုပါလိမ့်။ သူ့အလုပ်က မှတ်တမ်းတင်ပေးရုံ မဟုတ်လား။

“သတို့သားက ပထမအိမ်ထောင်ရှိတယ် ဆိုတာမျိုးသိရင် ဗွီဒီယိုရိုက်ပြီး အခွေ အချောကိုင်ရာမှာ ချစ်ဦးသူ ဆိုတဲ့ သီချင်းမျိုးပါမသွားအောင် ဂရုစိုက်ရမယ်။ သတို့သမီး အဖေ က သေတာ မကြာသေးဘူးဆိုရင် မိသားစုတွေ Group ဓာတ်ပုံရိုက်ကြတဲ့အခါ သတို့သမီး အဖေ ဘယ်မှာလဲ ခေါ်လေပြုလေ ပြောမိရင် သတို့သမီးက ငိုမှာပဲ။ ငိုရင် မျက်လုံးတွေဘာတွေ ပွတ်ပစ်လိုက်ရင် ရှဲဒိုးတွေ ပျက်ကုန်မယ်။ မည်းကုန်မယ်။အလှ တွေ ပျက်ကုန်မယ်။”

တခါတရံမှာ မင်္ဂလာဆောင်ကုန်ကျစရိတ်တွေကို ကျခံပေးတဲ့ ခေတ်အခေါ် Sponsor အဒေါ်တွေ၊ အန်ကယ်ကြီးတွေ ရှိတတ်တယ်။ ဗွီဒီယိုဓာတ်ပုံဆရာက Sponsor လူကြီးမင်းကို မသိမသာ နေရာပေးပြီး ရိုက်ရင် အရာရာ အိုကေ စိုပြည်တာပဲ။

မင်္ဂလာဆောင်မှာ နှစ်ဘက်အားပြိုင်တာမျိုးရှိတတ်တယ်။ အားချင်းပြိုင်တဲ့အခါ ပြဿနာမရှိ ပြဿနာရှာတတ်တယ်။ သူ့ဟာသူ လောင်ချင်နေတဲ့ ယမ်းပုံကြီးက ရှိပြီးသား၊ အခမ်းအနားတခုလုံးမှာ တောင်သွားမြောက်သွား မျက်စိအောက်မှာ တောက်တောက် တောက်တောက် လျှောက်နေတဲ့ ဓာတ်ပုံ ဗွီဒီယိုဆရာက ယမ်းပုံနားက မီးပွား ဖြစ်တတ်တယ်။

ဓာတ်ပုံဆရာကို ပြဿနာ မီးမွေးချင်သူက မျက်စိနောက်နေတာ။ သတို့သမီး ဘက်ကလူတွေကို ဓာတ်ပုံရိုက်နေခါမှ သတို့သားဘက်က (တမင်) ကောက်ခေါ်တယ်။ ဓာတ်ပုံဆရာ လာစမ်း၊ ဒါရိုက်စမ်း။ ဟုတ်ကဲ့ ဒါလေးရိုက်ပြီးရင် ရိုက်ပေးပါမယ်လို့ ဖြေမိရင်တော့ သေလောက်တဲ့ မိုင်း နင်းမိတာပါပဲ။ ငါခေါ်နေတာ အလေးမထားဘူးလား။ မင်း တို့က သူတို့ဘက်မှ လူထင်တာလား ဘာလား ညာလားနဲ့ ဘာမဟုတ်တာ ပြဿနာ လုပ်တော့တာပါပဲ။ မကြေလည်တဲ့အခံကရှိပြီးသားမို့ ချိတ်ချိတ်ခြင်း ချိတ်ကုန်ကြတယ်။ အချောင်နေရင်း ဓာတ်ပုံဆရာကြောင့်ဖြစ်တာလို့ အပြစ်ပုံချခံရတာပဲ။ ဒါကြောင့် မင်္ဂလာ ဓာတ်ပုံ ဗွီဒီယိုဆရာက ဘယ်ဘက်က အားသာသလဲဆိုတာမျိုးလည်း ကြိုတင်လေ့လာထားရပါသေးတယ်။ အခြေအနေက မဟန်လောက်ရင် ရသင့်တဲ့မှတ်တမ်းကို အမြန်ရ အောင်ရိုက်ပြီး ကင်မရာပိုက်ပြေးရတာမျိုးလည်း ရှိတတ်သေးတယ်။

မင်္ဂလာဆောင်တိုင်းမှာ အားစမ်းမှူကတော့ ရှိစမြဲပဲ။ မယားနေစ ကြောင်သေမှ တို့၊ လင်နေစ ဆင်သေမှတို့ မြှောက်ထိုးပင့်ကော် စကားတွေကလည်း ရှိပြီးသားမို့ အစ ကနဦးမှာ ဦးကျိုးအောင်ချိုးချင်တဲ့ နှစ်ဘက်အသိုင်းအ၀န်းကလည်း ရှိတတ်သေးတယ်။ အများဆုံး ပြဿနာ ကြုံကြရတာကတော့ မင်္ဂလာစင်မြင့်ပေါ်မှာ သတို့သား သတို့သမီး အမည်တွေပါတဲ့ နောက်ခံကန့်လန့်ကာ Backdrop ရှေ့မှာ ဓာတ်ပုံရိုက်ကြတဲ့ အချိန်ပါပဲ။

1မညှာမတာ ပြောရရင် ဓာတ်ပုံဖိုးကို ကိုယ်ပေးရတာ မဟုတ်တော့ ရိုက်ချင်သူက များတယ်။ နှစ်ဘက်လုံးကဆွေတွေမျိုးတွေက အလျှိုအလျှို စင်မြင့်ပေါ်အလုအရက် တက်ပြီး အားမနာတမ်းရိုက်ကြလေ့ရှိတယ်။ ဒီအချိန်မှာ သူ့ဘက်ကိုယ့်ဘက် အားပြိုင်တာပဲ။ ဓာတ်ပုံဆရာက ခပ်နုံနုံမို့ တက်လာသမျှ ရိုက်ပေးနေရင် မရိုက်ရသေးဘဲ စောင့်နေရတဲ့ဘက်က ပြဿနာ လုပ်တော့တာပါပဲ။

ပါးနပ်တဲ့ ဓာတ်ပုံဆရာကတော့ သတို့သားဘက်က မိဘ နဲ့ ဦးကြီးဦးလေး တွေကို စင်ပေါ် အရင်တင်ပြီး ရိုက်ပေးတယ်။ ပြီးရင် သတို့သမီးဘက်က မိဘ နဲ့ ဦးကြီး ဦးလေးတွေကို တင်တယ်။ ပြီးမှ ဆွေမျိုးရင်းချာတွေကို အလှည့်ကျ တင်ပေးတယ်။

တခါတလေ သတို့သမီးဘက်က ချမ်းသာပြီး သတို့သားဘက်က သိမ်ငယ်နေချိန်မျိုးမှာ သတို့သမီးအုပ်စုက အရင်တက်ပြီး ကြီးစိုးတာမျိုးလည်းရှိတယ်။ သတို့ သားဘက်ကိုလည်း ခဏနေ ရိုက်ပေးမယ်နော်လို့ ချွေးသိပ်ထားရသေးတယ်။ မင်္ဂလာ မှတ်တမ်း ထွက်လာတဲ့အခါ လူမစုံ ပုံမစုံပြန်ရင်လည်း အပြစ်တင်ခံရတတ်သေးတယ်။

မင်္ဂလာ ဓာတ်ပုံ ဗွီဒီယိုဆရာကတော့ မီးစဉ်ကြည့်ကရတာပါပဲ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013