DVB Logo
Home
မြန်မာသတင်း
ပန်ဆန်းတိုင်းရင်းသားညီလာခံတွင် ကိုးကန့်အဖွဲ့ကို အစိုးရမတက်စေလို
DVB
·
April 16, 2015
ပန်ဆန်းတိုင်းရင်းသားညီလာခံတွင် ကိုးကန့်အဖွဲ့ကို အစိုးရမတက်စေလို
Donate to DVB

ပန်ဆန်းမှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံမှာ ကိုးကန့်တပ်ဖွဲ့ကို ဖိတ်ထားတာနဲ့ပတ်သက်ပြီး အစိုးရက တားမြစ်ခြင်းမရှိပေမယ့်   မတက်ရောက်စေချင်ဘူးလို့ ၀ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ စတုတ္ထအကြိမ်မြောက် ထိပ်သီးညီလာခံကို ယူဒဗလျူအက်စ်အေဌာနချုပ် ပန်ဆန်းမှာ  မေ ၁ ရက်မှ  ၃ ရက်ထိ ကျင်းပဖို့ အစီအစဉ်ရှိနေတာပါ။

ကိုးကန့်ကိုဖိတ်ထားတာနဲ့ ပတ်သက်လို့  တပ်မတော်စစ်ဖက်ရေး ရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ)က   လက်မခံနိုင်ဘူးလို့  အသိပေးထားတဲ့အကြောင်း  ယူဒ ဗလျူအက်စ်အေ  ပြောခွင့်ရသူ ဦးအောင်မြင့်က ဒီဗွီဘီကို ရှင်းပြပါတယ်။

“တားမြစ်တာတော့ မဟုတ်ပါဘူး။ သူတို့ ပြောတာကတော့ ဘ၀င်မကျဘူးပေါ့ဗျာ။ ကိုးကန့်ကို ဖိတ်ထားတာ။ ကိုးကန့်ကို အစိုးရဘက်က လက်မခံနိုင်ဘူးပေါ့။”

ဝဒေသအာဏာပိုင်တွေကတော့ ညီလာခံ တက်ရောက်ဖို့ အစိုးရနဲ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့  ကိုးကန့်အပါအ၀င် တအောင်းမလောင်တပ်မတော်နဲ့ ရခိုင်တပ်မတော် တို့ကို ဖိတ်ကြားထားတာပါ။

ဒီညီလာခံမှာလည်း ကိုးကန့်ဘက်က တက်ရောက်ဖို့ အကြောင်းပြန်ထားပြီးသားလို့လည်း ဦးအောင်မြင့်က ပြောပါတယ်။ “သူတို့ဘက်ကတော့ လာမယ်လို့ ပြောတယ်လေ။ ဒါပေမယ့် ဒီဘက်မှာလည်း  ဒီကိစ္စကို ထပ်ပြီးတော့ တင်ပြထားတယ်လေ။”

ဒီညီလာခံဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (ယူပီဒဗလျူစီ) နဲ့ တပြည်လုံးအပစ်ခတ်ရပ်ရေး ညှိနှိုင်းရေးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  (အန်စီစီတီ) တို့ကြား ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး စာချုပ်မူကြမ်း သဘောတူချက် ရခဲ့ပြီးတဲ့နောက်  ခေါ်ယူကျင်းပတဲ့ ညီလာခံ ဖြစ်ပါတယ်။

အခုတကြိမ်ကျင်းပမယ့်ညီလာခံမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့  တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမူကြမ်းကို အပြီးသတ် ဆက် လက်မှတ်ရေးထိုးနိုင်ရေး  အဓိကထား ဆွေးနွေးကြဖွယ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013