
ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့ ပတ္တယားကမ်းခြေမှာ အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်ကို အုပ်စုဖွဲ့ ဝိုင်းရိုက်တဲ့ မြန်မာလူငယ် ၁၀ ယောက်ခန့်ကို တာဝန်ရှိသူတွေက အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မေ ၁၆ ရက် ညသန်းခေါင်ကျော်က အသက် ၁၆ နှစ်အရွယ် မာ့က်စ် ဆိုသူ ထိုင်းလူငယ်ဟာ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အမ် (၁၄ နှစ်)၊ အယ်လ် (၁၅ နှစ်) တို့နဲ့အတူ ဘန်လမွန်းမြို့ ပတ္တယားတောင်ပိုင်း ဘာလီဟိုင်းဆိပ်ကမ်းနားမှာ ဆိုင်ကယ်နဲ့ အလည်အပတ်သွားစဉ် မြန်မာလူငယ် ၁၀ ယောက်နဲ့ ဆုံမိတယ်၊ သူတို့က ထိုင်းလူငယ်တွေကို မျက်နှာကို ဘာလို့ကြည့်တာလဲလို့ အော်ပြောတယ်၊ ထိုင်းလူငယ်ကလည်း အခြေအနေမကောင်းဘူးဆိုပြီး ထွက်လာတယ်လို့ ဒဏ်ရာရသူ မာ့က်စ်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့ ၃ ယောက် ဆိုင်ကယ်စီးပြီး မောင်းထွက်စဉ် မြန်မာအုပ်စုဘက်က ဆိုင်ကယ် ၃-၄ စီးနဲ့ လိုက်လာတယ်၊ ၅ ကီလိုမီတာလောက် မောင်းပြီး နားကလေရပ်ကွက် ဆုခိုဗစ်လမ်း ချောင့်လုမ်း ဘုန်းကြီးကျောင်းနားမှာ မီလာပြီး ဝိုင်းရိုက်တယ်၊ သူငယ်ချင်း ၂ ယောက် ထွက်ပြေး လွတ်မြောက်သွားပြီး မာ့က် တယောက်တည်း ကျန်ခဲ့တယ်၊ ထိုးကြိတ်ခံရတဲ့အပြင် သူ့ဆိုင်ကယ်ကိုလည်း ပျက်စီးအောင် ရိုက်တယ်၊ သူစီးထားတဲ့ Fitflot ဘရဲင်းဖိနပ်ကို ဆွဲချွတ်ယူသွားပြီး သူ့ရဲ့ဂျာကင်အင်္ကျီကိုပါ ချွတ်ကာ တံတွေးတွေ ထွေးခဲ့တယ်၊ မြန်မာလူငယ်တွေ ထွက်သွားတော့ အမ်လည်း အစ်မဖြစ်သူထံ ဖုန်းဆက်ကာ ဘန်လမွန်းရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပြီး ထိုင်းမိုက်ထွန်း လို့ခေါ်တဲ့ ထိုင်းမျိုးချစ်ဝါဒီအဖွဲ့ကလည်း အဆိုပါ မြန်မာလူငယ်တွေ ဖမ်းဆီးရမိရေး ဝိုင်းဝန်းကူညီဖို့ သူတို့လူမှုကွန်ရက်မှာ ကြော်ငြာထားပါတယ်။
အဲဒီမြန်မာလူငယ်တွေဟာ နားကလေရပ်ကွက် အမွန်ဈေးထဲမှာ အလုပ်လုပ်နေတာဖြစ်ပြီး မေ ၁၈ ရက် နောက်ဆက်တွဲ သတင်းအရ ထိုင်းမိုက်ထွန်းအဖွဲ့က မြန်မာ ၂ ယောက်ကို ဖမ်းမိပြီလို့ ဆိုတယ်၊ ဒါပေမဲ့ အဲဒီ ၂ ယောက်ဟာ အရင်က ဓာတ်ပုံအတူရိုက်တဲ့ထဲ ပါတာဖြစ်ပြီး ၁၆ ရက်နေ့ည ဝိုင်းရိုက်တဲ့ထဲ မပါဘူးလို့ ငြင်းဆိုထားကြောင်း Naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်လမွန်းနယ်မြေရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာက စီစီတီဗီကင်မရာ ပြန်လည်စစ်ဆေးတာမှာ အမှန်တကယ် အုပ်စုဖွဲ့ ရိုက်နှက်နေတာ တွေ့ရှိတယ်၊ ဒါပေမဲ့ အတန်ငယ်ဝေးကွာတာကြောင့် ကျူးလွန်သူတွေရဲ့ မျက်နှာကို ကောင်းစွာမမြင်ရဘူး၊ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ တရားခံတွေ ဖော်ထုတ်အရေးယူသွားမယ်၊ အရိုက်ခံရသူ လူငယ်ရဲ့ ဒဏ်ရာတွေကိုလည်း အသေးစိတ် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း Amarin ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
Source: Amarin TV / Nwaena / ပတ္တယားသတင်း










