DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဝေါလေဗျူဟာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်၊ ကာကင်းများ ထပ်မကျရန် စစ်တပ်က နေ့စဉ်ဗုံးကြဲ
April 29, 2026
Photo: KNLA
Photo: KNLA
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က သေဆုံးဒဏ်ရာရသူတွေ  အယောက် ၃၀ ကျော် ရှိနေပါတယ်။

လက်ရှိမှာလည်း ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျရေး လေကြောင်းကနေ ခုခံကာကွယ်နေရတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေ လမ်းပိုင်းမှာ စစ်တပ်ရဲ့ တခုတည်းကျန်ရှိနေတဲ့ ဝေါလေဗျူဟာကို မတ် ၃၁ ရက်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တိုက်ပွဲအတွင်း ကာကင်းစခန်း ၆ ခုထဲက ၄ ခု သိမ်းခံရပြီးနောက် ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျဖို့ လေကြောင်းကနေ နေ့တိုင်း ခုခံကာကွယ်နေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဝေါလေကတော့ လောလောဆယ် သိမ်းလို့တော့ မရသေးဘူး။ သို့သော်လည်းပဲ ရဖို့ ရာခိုင်နှုန်းက များပါပြီ၊ မကြာခင်ပေါ့။ သူတို့ဘက်က ထွက်ပြေးတာတော့ မရှိဘူး။ စခန်းထဲမှာ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတော့ ရှိတယ်။ ဒီဗျူဟာက အရင်တုန်းက ဆုတ်ခွာသွားတဲ့ မောခီးစခန်းက ပြန်ပေါင်းတာတော့ ရှိတယ်။ အဲမှာ လူအင်အား ၆၀ လောက် ရှိမှာပေါ့။ အရင်က ဗျူဟာက လက်ရုံးတပ်တွေကော ပေါင်းရင် ၁၀၀ လောက်ရှိမယ်။ ပြီးတော့ မကြာခင်က ပြေးလာတဲ့ (စစ်သား) သုံးလေးယောက်ဆီက စာရင်းအရ ၁၀၀  ကျော်လောက်ပဲ ရှိတယ်။ အခု နေ့တိုင်းဖြစ်တဲ့ တိုက်ပွဲအခြေအနေနဲ့ဆိုရင် ၇၀ ထက် မပိုတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းပဲ၊ Y12 မဟုတ်ရင် ဂျက်ဖိုက်တာပဲ။ မနေ့ကဆိုရင် ဂျက်ဖိုက်တာ ၆ ခေါက်၊ ၇ ခေါက်လောက် လာတယ်” လို့ ပြောပါတယ်။

ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧပြီ ၂၇ ရက်က ဝေါလေဗျူဟာမကျရေး စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ လေ‌ကြောင်းကနေ မီးလောင်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဝေါလေ၊ ထီးသဲလယ်ကျေးရွာက နေအိမ်အလုံး ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

တဖက်မှာလည်း ဝေါလေဗျူဟာကုန်း ကျသွားရင် စစ်ရေးဗျူဟာအရ စစ်အာဏာရှင်တွေ တော်တော်လေး အထိနာတယ်လို့ ပြောလို့ရကြောင်း ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “လက်ရှိကတော့ စကမကတော့  KNU ရဲ့ ဧရိယာတွေထဲမှာ တိုက်နေတဲ့ တိုက်ပွဲတွေ အားလုံးကတော့ စစ်အာဏာရှင်ဘက်ကတော့ နိုင်တယ်ဆိုတာ မရှိသေးဘူး။ စခန်းကုန်းတွေ ကာကင်းတွေ တခုပြီးတခု ကျနေတာပဲ။ တပ်မဟာ ၆ ထဲမှာ တိုက်နေတဲ့ ဝေါလေဗျူဟာကုန်းမှာ ဆိုလို့ရှိရင်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံး ရောက်နေတာကြောင့် တိုင်းရင်းသားတွေက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်တယ်။ ချေမှုန်းတယ်။ သိမ်းပိုက်တယ် ဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေဘက်က အားသာချက်တွေ ရှိတယ်။ အဲအတွက်ကြောင့် သူတို့ရဲ့ စစ်ရေးဗျူဟာ ဖြစ်တဲ့ ဝေါလေဗျူဟာကုန်း လက်မလွှတ်ရရေးအတွက် အသေအကျေ သူတို့ဘက်ကလည်း ခုခံကာကွယ်နေတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝေါလေဗျူဟာကုန်းသာ ကျသွားမယ်ဆိုရင် စစ်အာဏာရှင်တွေဘက်က စစ်ရေးဗျူဟာအရက သူတို့ တော်တော်လေးကို အထိနာတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ဝေါလေဗျူဟာ မကျရေး စစ်တပ်ဘက်က နေ့ည လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဝေါလေ၊ ထီးသဲလယ်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013