
စစ်ပွဲတွေမှာ ဉာဏ်ရည်တု AI တွေ ပြိုင်ဆိုင်အသုံးပြုမှုက လူသားတွေရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးမဲ့အန္တရာယ် ရှိတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတယောက်က သတိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး သုတေသနအဖွဲ့ (UNIDIR) ဒါရိုက်တာ ရော်ဘင်က အောက်တိုဘာ ၂၀ ရက်မှာ သတင်းထောက်တွေနဲ့ တွေ့ချိန် ပြောခဲ့တာပါ။
AI တွေ အသုံးပြုတဲ့နေရာမှာ တွက်ချက်မှု မှားယွင်းတာနဲ့ မလိုလားအပ်ဘဲ တင်းမာမှုတွေ မြင့်လာတာမျိုးတွေ ရှိနိုင်တယ်လို့လည်း ရော်ဘင်က သတိပေးထားပါတယ်။
AI တွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေ၊ ပစ်မှတ်သတ်မှတ်တာတွေ၊ ခွဲခြမ်းစိတ်ဖြာတာတွေ၊ ဒရုန်းတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ သတင်းအချက်အလက် လုပ်ဆောင်ချက်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီးသားလို့လည်း ရော်ဘင်က ပြောပါတယ်။
“စက်တွေသုံးပြီး တိုက်ခိုက်တဲ့ စစ်ပွဲတွေ လာဖို့ နီးကပ်လာပြီ” လို့လည်း ရော်ဘင်က သတိပေးထားတာ ဖြစ်ပါတယ်။
နျူကလီးယားထိန်းချုပ်မှုတွေ အပါအဝင် စစ်ပွဲတွေမှာ စက်ပစ္စည်းတွေ အသုံးပြုမှုက အရှိန်မြင့်လာပြီး လူသားတွေရဲ့ ဆုံးဖြတ်ချက်တွေ ကျဉ်းမြောင်းလာပါတယ်။
UNIDIR ဟာ အောက်တိုဘာ ၂၂ ရက်မှာ ဖိုရမ်ကျင်းပဖို့ရှိပြီး AI ကို စစ်ရေးမှာ အသုံးပြုတာ အပါအဝင် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ အသုံးပြုတာနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
နယူးယောက်မှာ ပြုလုပ်မဲ့ အဲဒီဖိုရမ်မှာ ဆွစ်ဇာလန်နဲ့ ပါကစ္စတန်တို့ ပါဝင်မှာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တခြားအဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source: Reuters











