
ရေနံထုတ်လုပ်ရောင်းချသူနိုင်ငံများအသင်း (OPEC) ကနေ နုတ်ထွက်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ရဲ့ လုပ်ဆောင်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၂၉ ရက်မှာ ကြိုဆိုလိုက်ပါတယ်။
ယူအေအီးရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လို ထင်မြင်သလဲလို့ သတင်းထောက်တွေက အိမ်ဖြူတော်မှာ မေးမြန်းရာ ဒီလုပ်ဆောင်ချက်ဟာ ရေနံဈေးနှုန်းတွေ ကျဆင်းစေရေး အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ထရမ့်ပ်က ပြောခဲ့တာပါ။
ရေနံကို အကြီးဆုံးထုတ်လုပ်သူတွေထဲက တနိုင်ငံဖြစ်တဲ့ ယူအေအီးဟာ ဧပြီ ၂၈ ရက်မှာ OPEC အဖွဲ့ကနေ နုတ်ထွက်တော့မယ်လို့ ပြောခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် ဖြစ်လာတဲ့ မကြုံစဖူး စွမ်းအင်အကျပ်အတည်းဟာ ပင်လယ်ကွေ့နိုင်ငံတွေကြား သဘောထားကွဲလွဲမှုကို ထုတ်ပြနေတဲ့ OPEC အဖွဲ့အတွက် ထိုးနှက်ချက်တခု ဖြစ်လာခဲ့တာပါ။
နောက်ဆုံးတော့ ဓာတ်ဆီဈေးနှုန်း ကျဖို့၊ ရေနံဈေးကျဖို့၊ အရာအားလုံးကို ဈေးကျစေဖို့ ကောင်းတဲ့ကိစ္စလို့ ထင်ပါတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ရုရှားနိုင်ငံကတော့ ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (OPEC) နဲ့ OPEC+ လို့ လူသိများတဲ့ မဟာမိတ်အဖွဲ့ထဲမှာ ဆက်ရှိနေမှာဖြစ်ပြီး ယူအေအီးရဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေမှာ တာဝန်ယူမှု ရှိတဲ့ ရပ်တည်ချက်ကို လက်ခံကျင့်သုံးမဲ့ ရည်ရွယ်ချက်ကို ကြိုဆိုတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပဲ့စ်ကို့ဗ်က ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။
အဘူဒါဘီ စီးပွားရေးဘဏ် ADCB ရဲ့ အကြီးတန်းစီးပွားရေးပညာရှင် မော်နီကာမာလစ်က “ပထဝီနိုင်ငံရေးအခြေအနေ ပုံမှန်ဖြစ်လာတဲ့အခါ ယူအေအီးအနေနဲ့ ကမ္ဘာ့ဈေးကွက်ဝေစုရရှိဖို့ အခု နုတ်ထွက်မှုက တံခါးဖွင့်ပေးလိုက်တာပဲ” လို့ ပြောပါတယ်။
ဒီနုတ်ထွက်မှုဟာ စားသုံးသူတွေနဲ့ ပိုကျယ်ပြန့်တဲ့ ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိသင့်တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
ရေနံထုတ်လုပ်မှု မူဝါဒတွေကို ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက် တည်ငြိမ်တဲ့ ဝင်ငွေစီးဆင်းမှုတွေ သေချာစေဖို့ အဓိကရေနံတင်ပို့တဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ OPEC ကို အီရန်၊ အီရတ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနဲ့ ဗင်နီဇွဲလားတို့က ၁၉၆၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တာပါ။
ယူအေအီးက ၁၉၆၇ ခုနှစ်မှာ OPEC အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး အခုနုတ်ထွက်လို့ အဖွဲ့ထဲမှာ အဖွဲ့ဝင် ၁၁ နိုင်ငံသာ ကျန်မှာဖြစ်ပါတယ်။ ပိုကျယ်ပြန့်တဲ့ OPEC+ မဟာမိတ်အဖွဲ့ထဲမှာ OPEC အဖွဲ့ဝင် မဟုတ်သေးတဲ့ ရေနံထုတ်လုပ်သူ ၁၀ နိုင်ငံ ထပ်မံပါဝင်နေပါတယ်။
Source: Reuters










