
နှစ်စဉ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
ကယန်းပြည်သစ်ပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၊ ကယန်းအမျိုးသမီးအစည်းအရုံး နဲ့ ကယန်းလူထုအခြေပြုအဖွဲ့အစည်းတွေ ပူးပေါင်း ကျင်းပခဲ့တာပါ။
ဒီအခမ်းအနားကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူုးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေရော၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တွင်းရှိ ကယန်းတိုင်းရင်းသားတွေပါ စုစုပေါင်း ၅ ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး စောလွင်က ဒီဗွီဘီကို ပြောပါတယ်။
၂၀၁၅ ခုနှစ်ဟာ မြန်မာပြည်ကံကြမ္မာအတွက် အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပြီး ဒါကြောင့် ကယန်းပြည်သူတွေအနေနဲ့ ဒီကနေ့ခေတ်ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး နဲ့ ငြိမ်းချမ်းရေးတွေမှာ အခြားသောလူမျိုးပေါင်းစုံ ပြည်သူများနဲ့ အတူလက်တွဲပြီး ပန်းတိုင်အရောက်ချီတက်သွားကြဖို့ ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနိုင်က သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့လိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ တည်တံ့အောင် ဆောင်ရွက်နေတဲ့ အစိုးရရဲ့လုပ်ရပ်တွေကို ဟန့်တားဖို့၊ ဗဟိုချုပ်ကိုင်မှု အာဏာာပြေလျော့ရေး ကိစ္စတွလည်း ပြောကြားခဲ့တယ်လို့ ဗိုလ်မှုးစောလွင်က ပြောပါတယ်။
အခမ်းအနားတက်ရောက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စ၀်အောင်မြတ်ကတော့ ကယန်းဒေသ ဖွံ့ဖြိုးရေးအတွက် အစိုးရလုပ်ဆောင်ပေးတဲ့အကြောင်းတွေ ပြောကြားပြီး ကယန်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့အစည်းအတွက် အလှူငွေ ကျပ်သိန်း ၃၀ ထည့်ဝင်ပေးသွားတယ်လို့ ဆိုပါတယ်။
အခမ်းအနားကို မနက် ၇ နာရီကနေ ၁၀ နာရီထိ ကျင်းပခဲ့ပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကလည်း ဒီမိုကရေစီပညာရေးအတွကသပိတ်မှောက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ရေး စတစ်ကာကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကယန်းလူမျိုးတွေဟာ ပဒေသရာဇ်တော်လှန်ရေး၊ စစ်အာအာရှင်စနစ်တော်လှန်ရေးတွေ မှာ ပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ဧပြီ ၁၀ ရက်နေ့က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ပန်ပက် (ကြာလား) ကျေးရွာမှာ ကယန်းမျိုးနွယ်စုအားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ညီလာခံကျင်းပခဲ့တယ်။
အဲဒီညီလာခံကနေ ကယန်းလူမျိုးတွေရဲ့ တခုတည်းသော စာပေ၊ အလံ နဲ့ ဘုံစကားကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တာကြောင့် အဲဒီအထိမ်းအမှတ်အနေနဲ့ ဧပြီလ ၁၀ ရက်နေ့ကို ကယန်း အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ် ၁၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ကယားပြည်နယ် မယ်စဲ့မြို့နယ်နဲ့ ထိုင်း-မြန်မာနယ်စပ် ဒုကသည်စခန်းတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။
ဓာတ်ပုံ - ကယန်းမျိုးးဆက်သစ်လူငယ်အဖွဲ့
[gallery ids="89125,89126,89127"]











