Home မြန်မာသတင်း ပေါ်တာဆွဲဖမ်းမိသူများကို နေပြည်တော်တိုင်းမှူးနှင့်အဖွဲ့က ကျပ်သိန်းရာချီတောင်း ထုတ်ပေးနေ
ပေါ်တာဆွဲဖမ်းမိသူများကို နေပြည်တော်တိုင်းမှူးနှင့်အဖွဲ့က ကျပ်သိန်းရာချီတောင်း ထုတ်ပေးနေ
ဗိုလ်ချုပ်ကြည်သိုက် (Photo : Military)
နေပြည်တော် ၈ မြို့နယ်မှာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နဲ့အဖွဲ့က ပေါ်တာဆွဲဖမ်းမိသူတွေကို ငွေကျပ် သိန်းရာနဲ့ချီ တောင်းကာ ပြန်ထုတ်ပေးနေပြီး လိမ်လည်ခံရသူတွေလည်း ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ပျဥ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဒက္ခီဏသီရိနဲ့ ဇမ္မူသီရိမြို့နယ် တွေမှာ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေကို မိုးစွေအခြေစိုက် တန်းမြင့်သင်တန်းကျောင်းကနေ ပြန်လည်ထုတ်ယူဖို့ ဗိုလ်ချုပ်ကြည်သိုက်ရဲ့ တပည့်ဖြစ်တဲ့ ဗိုလ်ကြီး မြတ်မင်းစိုးတို့ကတဆင့် ဆက်သွယ်ရပြီး တယောက်ကို သိန်း ၆၀ မှ ၁၁၀ အထိ ပေးရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။ “နေပြည်တော်မှာ ပေါ်တာဆွဲတာ ပုံစံပြောင်းသွားပြီး ငွေပေးနိုင်ရင် စစ်မှု မထမ်းခိုင်းဘူး၊ ပြန်လွှတ် ပေးတယ်။ အဲဒီလို ထုတ်လို့ရအောင်လည်း တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က သူတပည့် ဗိုလ်ကြီး မြတ်မင်းစိုးကို Tiktok မှာ အကောင့်ဖွင့်ခိုင်းထားပြီးလုပ်နေတယ်။ ၄ လ ပိုင်း ၁ ရက်နေ့က ဇေယျာသီရိမြို့နယ်က ပေါ်တာဆွဲခံရတဲ့ ကောင်လေး ၂ ယောက်တောင် ပြန်လွတ်လာပြီ။ တယောက်က သိန်း ၇၀ ပေးရတယ်၊ နောက်တယောက်က သိန်း ၁၀၀ ကျော်ကုန်တယ်။” နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က ပေါ်တာဆွဲ ဖမ်းဆီးခံရသူ တွေဆီက ငွေကြေးရယူကာ ပြန်ထုတ်ပေးတဲ့အစီအစဥ်ကို စစ်မှုထမ်းအပတ်စဥ် ၂၂ က စတင် လုပ်ဆောင်ခဲ့တာလို့ ဇေယျာသီရိမြို့ခံတယောက်က DVB ကို ပြောပါတယ်။ “အရင်က ပေါ်တာဆွဲခံရတဲ့သူတွေကို ထုတ်ပေးတဲ့ ဗိုလ်မှူးတယောက်ရှိတယ်။ သူနာမည်က ဗိုလ်မှူးနေအောင်။ သူက ငွေတွေလိမ်သွားလို့ ဗိုလ်ကြီးမြတ်မင်းစိုးကို တာန်ပေးလိုက်တယ်။ ထုတ်လို့ရတာတော့ ဟုတ်တယ်။ ဇေယျာသီရိမြို့နယ်က ကောင်လေးတယောက်ထုတ်တာ သိန်း ၈၀ ကုန်တယ်။ ဖုန်းဆက်လို့မရဘဲ လိုင်းပေါ်ကပဲ အလုပ်လုပ်တာ။” နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီးမြတ်မင်းစိုးဟာ လူမှုကွန်ရက် Tiktok မှာ myatminsoe နာမည်နဲ့ အကောင့်ဖွင့်ထားပြီး Bio မှာ စစ်မှုထမ်း ထုတ်ပါတယ်၊ လိုအပ်ပါက အကူအညီ တောင်းခံနိုင်ပါတယ်လို့ ရေးသားထားပါတယ်။ မတ် ၂၂ ရက်ကလည်း လယ်ဝေးမြို့နယ်မှာ ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ ယောက်ကို မိသားစုဝင် တွေ ပြန်ထုတ်ဖို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ ဆက်သွယ်ခဲ့ရာ ဗိုလ်မှူး နေအောင်ဆိုသူက ပြန်ထုတ်ပေးဖို့ ငွေကျပ်သိန်း ၁၉၀ နီးပါး လိမ်လည်သွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကြေးရယူကာ ပြန်ထုတ်ပေးနေတဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်လည် အသက်သွင်းခဲ့ပြီး မတ်လက စစ်မှုထမ်းစခေါ်ခဲ့တာ အခုဆို အပတ်စဥ် ၂၄ အထိ ရောက်လာပြီ ဖြစ်ပါတယ်။