
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာကို ဧပြီ ၁၉ ရက် တနေ့တည်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဘုန်းကြီး ၃ ပါးနဲ့ ကလေးငယ်တွေ အပါအဝင် ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
ကျောက်ဆည်ပြင်ကျေးရွာကို စစ်ကောင်စီက ဧပြီ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး၊ နေ့လယ် ၁၂ နာရီ ခွဲလောက်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့လည်း မီးလောင် ပျက်စီးသွားတယ်လို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျောက်ဆည်ပြင်ရွာကို တရက်တည်းမှာ ပေါင် ၅၀၀ ဗုံး ၄ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာ။ ဘုန်းကြီးကျောင်းနဲ့ ရွာက အိမ်အချို့ မီးလောင်ပျက်စီးသွားတာရှိတယ်။ ရဟန်း ၃ ပါး အပါဝင် ကျေးရွာသား ၁၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်။ စိုးရိမ်ရတဲ့ သူတွေကိုလည်း ပါရှိပြီးတော့ လက်ရှိမှာ ဆေးကုသမှု ခံယူနေကြရတယ်။ ဒဏ်ရာရရှိသွားတဲ့အထဲမှာ ကလေးတွေလည်း ပါဝင်ကြပြီးတော့ ရွာသားတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။”
စစ်ကောင်စီရဲ့ ၂ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူတွေအထဲမှာ ဘုန်းကြီး ၃ ပါး၊ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရရှိခဲ့တဲ့ အထဲမှာ ကလေးငယ်တွေ ပါဝင်ကြသလို ကျောင်းအနီးရှိ နွား ၆ ကောင်လည်း ဗုံးဆန်ထိပြီး သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧပြီ ၁၉ ရက်နေ့ မနက်ကလည်း ပုဏ္ဏားကျွန်းမြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ၊ နတလ ကျောင်းနဲ့ မြို့ပေါ်နေရာအချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်လာနေတာကြောင့် စိုးရိမ်စိတ်တွေနဲ့သာ ရှင်သန်နေကြရတယ်လို့ မြောက်ဦးမြို့ခံ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“လေယာဉ်သံ ကြားရင်ကို လူတွေက အသိစိတ် မကပ်နိုင်လောက်အောင် ကြောက်နေကြရတဲ့ အခြေအနေဖြစ်နေပြီ။ စစ်ကောင်စီက စစ်ဘက်ပစ်မှတ်တွေထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်လာနေတာကြောင့် အသက်တချောင်းကို စိုးရိမ်စိတ် ကြောက်စိတ်တွေနဲ့သာ ရှင်သန်နေကြရတယ်။”
စစ်ကောင်စီဟာ မြောက်ဦး၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဧပြီ ၁၇ ရက်က လေကြောင်းကနေ နာရီနဲ့ချီပြီး ကင်းထောက်ခဲ့ပြီးနောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်ပြုလုပ်လာတာလည်းဖြစ်ပါတယ်။
သင်္ကြန်ကာလတွင်းကလည်း ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရခိုင်ပြည်က မြို့၊ ရွာတွေမှာ စစ်ကောင်စီရဲ့ ရက်ဆက်လေကြောင်းတိုက်ခိုက်လာနေတာကြောင့် လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့နဲ့ ကတုတ်ကျင်းတွေ တူးဖော်ထားကြဖို့ကို အာရက္ခတပ်တော် (AA) က တိုက်တွန်းထားပါတယ်။











