
ယူကရိန်းထောက်လှမ်းရေးက ညွှန်ကြားတဲ့ စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် အသက် ၅၇ နှစ် အရွယ် ဂျာမန်အမျိုးသမီး တယောက်ကို သူ့ကျောပိုးအိတ်ထဲက ဗုံးတလုံးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ရုရှားဖယ်ဒရယ်လုံခြုံရေးဌာန (FSB) က ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။
အတည်မပြုနိုင်တဲ့ ဗီဒီယိုထဲမှာ လက်နက်ကိုင်အမျိုးသားတွေက သူ့ကို လက်နက်တွေနဲ့ ချိန်ရွယ်ထားတုန်းမှာ ကားပါကင်က ကတ္တရာလမ်းပေါ်မှာ အမျိုးသမီးတယောက် လဲနေတာကို ပြထားပြီး သူ့ဘေးမှာ ကျောပိုးအိတ်တလုံး ရှိနေတာ တွေ့ရပါတယ်။ လက်နက်ကိုင်တွေက ကျောပိုးအိတ်ကို ဖောက်ခွဲနေတာကိုလည်း ပြထားပါတယ်။
TNTယမ်း ၁ ဒသမ ၅ ကီလိုဂရမ်နဲ့ညီတဲ့ ဗုံးတလုံးကို ပိုင်ဆိုင်ထားတဲ့ ဂျာမန်အမျိုးသမီးဟာ ယူကရိန်းက ညွှန်ကြားတဲ့ အလံတုစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် စတာ့ဗ်ရိုပိုဒေသက ဥပဒေစိုးမိုးရေးဌာနတခုကို ပစ်မှတ်ထားခဲ့တယ်လို့ FSB က ပြောပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းကိုယ်စား လုပ်ဆောင်နေတယ်လို့ သူ့ကိုယ်သူ ထင်မြင်ယူဆပြီး ဗုံးဖောက်ဖို့ စီစဉ်ထားတဲ့ အလယ်အာရှနိုင်ငံက နိုင်ငံသားတယောက်ကို ထိန်းသိမ်းခဲ့တယ်လို့လည်း FSB က ပြောပါတယ်။
ဒီအမျိုးသားရဲ့ လုပ်ရပ်တွေက ရုရှားမှာ ပိတ်ပင်ထားတဲ့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေ အယောင်ဆောင်ပြီး ယူကရိန်း အထူးတပ်ဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့လည်း FSB က ပြောပါတယ်။
အစီရင်ခံစာရဲ့ အသေးစိတ် အချက်အလက်တွေကို ချက်ချင်းအတည် မပြုနိုင်ခဲ့သလို ယူကရိန်းက လည်း ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
Source: Reuters










