DVB Logo
Home
မြန်မာသတင်း
၆ ပွင့်ဆိုင်ဆွေးနွေးပွဲ နိုင်ငံအတွက်အကျိုးရှိရန်အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
DVB
·
April 10, 2015
၆ ပွင့်ဆိုင်ဆွေးနွေးပွဲ နိုင်ငံအတွက်အကျိုးရှိရန်အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
Donate to DVB

သမ္မတအိမ်တော်မှာ ဒီနေ့ကျင်းပမယ့်  ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ  နိုင်ငံအကျိုးဖြစ်စေ မယ့် သဘောတူညီချက်တွေ ရရှိနိုင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၉ ရက်နေ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီး နေပြည်တော်မှာ သတင်း မီဒီယာတွေနဲ့  တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

“ဒီလိုစလိုက်တာကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်ပါ။ ကျမ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ကျမတို့တောင်းထားတာ ဟိုး ၂၀၁၃ ခုနှစ်ပေါ့၊ ၂ နှစ်ကျော်ကျော်ကတည်းက တောင်းထားတာ လေးပွင့်ဆိုင်ပါ။ ဒါပေမယ့်လည်း ပြည်ထောင်စုလွှတ်တော်က နေပြီးတော့  ၆  ဦးပေါ့ တွေ့ဆုံပွဲတောင်းတော့လည်း ကျမတို့ အနေနဲ့ သဘောတူပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဒါလွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်စလုံး ပါတယ်။ နောက် တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်ပါတယ်ဆိုတော့ ဒါ ဘာမှ ကန့်ကွက်စရာလည်း မရှိပါဘူး။   ဒါပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတက လက်ခံပြီးတော့ စတင်တွေ့ဆုံတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့၊ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရနိုင်ဖို့ ဒါကသာ အရေးကြီးတာပါ။”

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အပါအ၀င် တိုင်းပြည်ရဲ့အနာဂတ်နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ၆ ပွင့်ဆိုင် ဆွေးနွေးကြဖို့   ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အတည်ပြုထားတာ ဖြစ်ပြီး  ၆ လနီးပါးအကြာမှာ အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့  ဘာမှ မပြောနိုင်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပါအ၀င် တခြားကိစ္စတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဖို့နဲ့ သတ်မှတ်ထားတဲ့အချိန်အတိုင်း ကျင်းပဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

လာမယ့် အောက်တိုဘာ နိုဝင်ဘာမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်၊ မမှောက် မေးမြန်းချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးမှာဆိုတော့ ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူး၊ အဲတော့ ဘာတွေဖြစ်နိုင်မယ်ဆိုတာ အားလုံးကို မတွက်နိုင်ဘဲနဲ့ ဒါတော့ လုံးဝကို မလုပ်ပါဘူးလို့ ဒီလိုအပြတ်ပြောလို့မရဘူး။ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်မှန်းမှ မပြောနိုင်တာ။ ဒါကြောင့်မို့လို့ နိုင်ငံရေးမှာ ဆိုလို့ရှင်ရင် ဖြစ်နိုင်ခြေတွေအပေါ်မှာ အခြေခံပြီး ရွေးချယ်နိုင်တဲ့လမ်းတွေ အားလုံးဖွင့်ထား တယ်ဆိုတဲ့သဘောပါပဲ။ သပိတ်မှောက်တဲ့ လမ်းကိုလည်း မပိတ်ဘူးပေါ့၊ သပိတ်မှောက်တဲ့ လမ်းကိုလည်း ရွေးမယ်လို့လည်း ပြောတာ မဟုတ်ဘူး။ ဘယ်လမ်းကိုမှ ပိတ်မထားဘူး၊ အခြေအနေတွေအရ အကောင်းဆုံး နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အကောင်းဆုံး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုလုပ်သွားမှာပါ”လို့ ဖြေကြားသွားပါတယ်။

သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်တို့ တွေ့ဆုံကြမယ့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို နေပြည်တော်က သမ္မတအိမ်တော်မှာ  ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပမှာပါ။

ဆွေးနွေးပွဲ တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို မွန်းလွဲ ၂ နာရီ လာဖို့ ဖိတ်ကြားထားပြီး အမည်စာရင်းပေးပို့ထားတဲ့ သတင်းထောက်တွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မွန်းလွဲ ၁၂ နာရီခွဲမှာ  သွားရောက် လုံခြုံရေးစစ်ဆေးမှုခံယူပြီး အစည်းအဝေးကျင်းပမယ့် ခန်းမထဲ ၀င်ရောက်ရမှာပါ။ သတင်းသမားတွေအနေနဲ့ အစည်းအဝေးမစခင်မှာ သတင်းဓာတ်ပုံရိုက်ယူနိုင်ပေမယ့် အစည်းအဝေးစတာနဲ့ အပြင်ထွက်ပေးရမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်မှာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနဲ့ ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နဲ့ အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးလမ်းခင်းပေးနိုင်ဖို့  ၆ ပွင့်ဆိုင်ဆွေးနွေးကြရန် အရေးအကြီးအဆိုတင်သွင်းပြီး  ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013