DVB Logo
Home
Lead Story
ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင်…
DVB
·
April 10, 2015
ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင်…
1 / 6
Donate to DVB

၁၉၅၀ ၀န်းကျင်ကာလ၏ မန္တလေးအနီးတ၀ိုက်တွင် တိုင်းပြည်ငြိမ်သက်အေးချမ်းမှုက အသားတကျ မဖြစ်သေးပေ။ တံတားဦးမှာ၊ ကျောက်ဆည်မှာ၊ မတ္တရာမှာ၊ ပြင်ဦးလွင်လမ်း ၂၁ မိုင်မှာ စသည်ဖြင့် တိုက်ပွဲတွေက ကျိုးကြားဖြစ်နေ၏။ တပ်မင်း ဗိုလ်မှူးကြီး တန်ယုဆိုင်နဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ခိုင်တို့ ဦးစီးသော ခလရ ၈ ကလည်း နန်းတွင်း၌ပင် အခြေစိုက်ထား၏။ ခလရ ၈ က မုံရွာ ယင်းမာပင်၊ ရွှေဘို ကျောက်မြောင်းတ၀ိုက် စစ်ဆင်နေ၏။ ထို့ပြင် တံတားဦး၊ ကျောက်ဆည်၊ မြင်းခြံဆုံရာ တြိဂံနယ်မြေသို့လည်း စစ်ဆင်ရေးဝင်ရသည်။ ထိုမှတဆင့် မလဲသာဘက်ဆီ ဦးတည်ရ၏။

11113416_892914640747080_8511690635326459107_n copyစစ်ဆင်ရေးကြီးများ တရစပ် မရပ်မနား၊ ဆင်နွှဲပြီး တပ်သို့ ပြန်လည် အနားယူနေသောအချိန်တွင် ရုပ်အာဟာရအတွက်သာမက စိတ်အာဟာရအတွက်ပါ အင်အား ဖြည့်တင်းကြရသည်။ ထို့ကြောင့် တပ်မှူးက ဦးစီးပြီး တပ်မတော်သက်သာချောင်ချိရေး ရန်ပုံငွေ ပဒေသာကပွဲကို ကျင်းပပြုလုပ်ခဲ့၏။ ထိုကပွဲအတွက် မြို့မတူရိယာအသင်းက ဂီတဆိုင်ရာ တာဝန်ယူခဲ့သည်။ ဇာတ်စင်ပေါ် တက်ရောက်ကပြသူများက တပ်မတော်သားများနဲ့ မိသားစုဝင်များ ဖြစ်ကြသည်။ ကိန်္နရာယိမ်းအတွက် မင်းသမီးသြဘာသောင်းက တာဝန်ယူ တီးလုံးတိုက်ပေးခဲ့၏။ ပြင်ပမှ မင်းသမီးခင်စမ်းတင်ကိုလည်း ငှားရမ်းထားသည်။ ခင်စမ်းတင်ကား နာမည်ကျော် ““ခင်စမ်းတင်၊ ခင်စမ်းရင်”” အငြိမ့်အဖွဲ့မှ ဖြစ်သည်။ မင်းသမီး ခင်စမ်းတင်နဲ့ နှစ်ပါးသွား အခန်းတွင် တွဲဖက်ကပြမည့်သူက ခလရ ၈ မှ တပ်ကြပ်တင်ဖေ ဖြစ်ကာ မင်းမျိုးမင်းနွယ်ဟု ဆိုသည်။ နှစ်ပါးသွားခန်းအတွက် မင်းသားအကကို မန္တလေးမြို့သို့ လာရောက် ကပြနေသော ဦးဖိုးစိန်ကြီးဇာတ်မှ မင်းသားကက်နက်စိန်က သင်ပြပေးဟု ဆို၏။

1798393_892914664080411_1075793498979134584_nဤသို့ဖြင့် တဘက်က တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း တဘက် အနုပညာ အလုပ်လုပ်ကာ အနုပညာသည်များနဲ့ ပါ ရင်းနှီးကျွမ်းဝင်ခဲ့ကြ သည်။

ထိုနှစ် ၁၃၁၁-၁၂ ခုနှစ် သင်္ကြန်မှာတော့ ရန်ကုန်ရောက်နေသည့် မြို့မကိုလှဒင်က မန္တလေးရှိ အပေါင်းအသင်းများကို ခေါ်ယူကာ “ရွှေမန်းရေယာဉ်” အမည်ဖြင့် အလှပြယာဉ် ထွက်သည်။ ရန်ကုန်ရောက် “မန္တလေး မြန်မာကုန်သည်များအသင်း”က ကမကထပြု စီစဉ်ခဲ့ခြင်းဖြစ်၏။ ဆရာငြိမ်းလည်း စိတ်ပြေလက်ပျောက်သဘောနဲ့ ရန်ကုန်သင်္ကြန်သို့ ဆင်းကာ ဆင်နွှဲသည်။ မန္တလေးမှာ မြို့မအသင်းက ငွေငန်းယာဉ်ကြီးနဲ့ သင်္ကြန်ပွဲတွေ အဆက်မပြတ် ဆင်နွှဲခဲ့သော်လည်း သီချင်းရေးစပ်ပေးတီးလုံးချပေးခဲ့ရုံက လွဲ၍ ဆင်နွှဲခဲ့ခြင်း မရှိခဲ့သော ဆရာငြိမ်းသည် ရန်ကုန်မြို့ သင်္ကြန်၌ “ရွှေမန်းရေယာဉ်” အလှပြကားပေါ်၌ ငွေငန်းရုပ်ကြီးနဲ့ ကပ်လျက်ထိုင်ကာ သင်္ကြန်ပွဲ၌ ဆင်နွှဲခဲ့၏။ ထိုနှစ် သင်္ကြန်အတွက် ဆရာက “သဘာဝရွှင်မြူးနှစ်ကူး ဗမာ့ရေ သဘင်” အစချီ “ငြိမ်းချမ်းရေးသင်္ကြန်” သီချင်းကိုလည်း ရေးစပ်ခဲ့သည်။

(သဘာဝရွှင်မြူး နှစ်ကူးဗမာ့ရေသဘင်၊

ခါရေစင်လန်းကြည်ရွှင် အေးစေချင် ချမ်းတင်ခင်၊

စိမ့်စိမ့်ချမ်းချမ်း၊ အေးအေးလောင်းပေ၊

လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့

ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်းကြုံလို့ပင်)၂

(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ယဉ်ယဉ် မာပါစေ ဆုထူးဆင်)၂

ပိတောက်တွေ ဝေေ၀လွင်လွင် ရွှေရည်လူး

ဖူးပွင့်တဲ့ (ဒီအချိန်တွင်၊ ဗမာပြည်ငြိမ်းချမ်းရေး ရွက်သစ်နုနု၊ ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင်

ငွေငန်းဆုတောင်း အောင်ကြောင်းကိုပင်

ခါတော်ရေသဘင်။

11150254_892914680747076_679386470456604253_n copyတကယ်တော့ ထိုနှစ်က မန္တလေးသားတွေ ရန်ကုန်ရေသဘင် ဆင်နွှဲခဲ့ကြသော်လည်း မန္တလေးရေသဘင်၏ အသံ၊ သီချင်း၊ မြင်ကွင်းများကို ရန်ကုန်သားများက ထိတွေ့ ရင်းနှီး နှစ်သက်ပြီး ဖြစ်နေကြပြီ။ အဘယ်ကြောင့်ဆိုသော် ကိုအံ့ကြီး၊ ကိုဘဦးတို့ ဘီတီဘရားသား အဖွဲ့က သူတို့၏ ပြင်ဦးလွင်ချောင်းကွေ့ရှိ ဘီတီကော်ဖီခြံများမှ ကော်ဖီပင်များ စိုက်ပျိုးပုံ၊ ပြုစုပျိုးထောင်ပုံ၊ ရှမ်းပျိုဖြူလေး များ ကော်ဖီခူးကြပုံ၊ ကော်ဖီစေ့များကို အမှုန့်အထိ အဆင့်ဆင့် စီမံ ဆောင်ရွက်ပုံများကို အဆစ်အပိုင်းကျနစွာ ရုပ်ရှင်ကားတိုလေး ရိုက်ကူးပြီး ဘီတီကော်ဖီအား ကြော်ငြာသည်။ ထိုရုပ်ရှင်ကားပိုင်းတိုလေးမှာ မန္တလေးသင်္ကြန်မြင်ကွင်းကိုလည်း နောက်ခံသီချင်းများဖြင့် ရိုက်ကူး ထည့်သွင်းထား၏။ ကော်ဖီထုတ်လုပ်ပုံ၌ ကိုဘဦး၏ အပြောကလေး ကို နောက်ခံဂီတသံဖြင့် ဖြူးပေးကာ မန္တလေးသင်္ကြန်အခန်း၌ ကိုအံ့ကြီး၏ အဆိုတွင် တူးပို့တူးပို့ သံမြိုင်မြိုင်ဖြင့်““ရွှေမန်းတောင်ရိပ်ခို”” သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးမှုတ်ထားသည်။ အဆိုကောင်း၊ အတီးကောင်းနဲ့ မြင်ကွင်းသစ်၊ အသံသစ်မို့ ဘီတီဘုရားသား ရုပ်ရှင်ကားအပိုင်းတိုကလေး က ရန်ကုန်မှာ ရေပန်းစားနေသည်။

ထိုကားပိုင်းတိုလေးကို ပြသပြီး ဘီဒီတီးဝိုင်းအဖွဲ့ကလည်း မြို့မသီချင်းများကို ဖျော်ဖြေနေကျမို့ မျက်နှာကြီး အသိုင်းအ၀န်းကြား၌ ကားပိုင်း တိုလေးနဲ့ တီးဝိုင်းအား ဖိတ်ကြား ပြသစေခဲ့သည်မှာ လက်မလည်တော့။ ပြသဖျော်ဖြေရာနေရာတိုင်းမှာလည်း ““မြနန်္ဒာ၊ ရေညိုညိုရစ်ကာ သန်းတယ်၊ ရွှေမန်းတောင်ရိပ် အတူတူ ခိုမယ် ပျိုဖြူတွေရယ်”” ဟူသော သီချင်းသံက ခေတ်စား၍ မဆုံးတော့။

ရန်ကုန်ရဲမင်းကြီး ဦးကျော်မြင့်ကလည်း “ရန်ကုန်မြို့တွင်း အကွက်အကွင်းကောင်းသည့် မည်သည့်နေရာ၌ မဆို ခွင့်ပြုချက် ကြိုတင်ရယူရန်မလိုဘဲ ရုပ်ရှင်ပြသခွင့်ပါမစ် ထုတ်ပေးလိုက်၏။ ထို့ကြောင့် ရန်ကုန်တမြို့လုံး ““ရွှေမန်းတောင်ရိပ်ခို”” သီချင်းအကြောင်း အမြဲတမ်းပါရှိစမြဲ ဖြစ်၏။

ထို့ကြောင့် ဆရာမြို့မငြိမ်းတို့ ရန်ကုန်ရေသဘင်တွင် ပါဝင်ဆင်နွှဲကြသောအခါ ရန်ကုန်က အထူး အားပေးခဲ့ကြသည်။ ထိုနှစ်က ““ငြိမ်းချမ်းရေး ရေသဘင်”” သီချင်းအသစ်အပြင် ရန်ကုန်က ရင်းနှီးကျွမ်းဝင်ပြီး ““ရွှေမန်းတောင်ရိပ်ခို”” သီချင်းကိုလည်း အထူးပွဲတောင်းခံရသောကြောင့် ““ရွှေမန်းရေယာဉ်”” အလှပြယာဉ်ပေါ်မှ ဆရာမြို့မငြိမ်း၏ ရှေ့မှောက်မှာပင် ““ရွှေမန်းတောင်ရိပ်ခို””သီချင်းကို တွင်တွင်ကြီး သီဆို ဧည့်ခံပေးခဲ့ကြရလေသည်။

11150254_892914680747076_679386470456604253_n copy1၁၉၄၇ ခုနှစ် သင်္ကြန်အတွက် စတင်ရေးစဉ်က““ခင့်ငွေငန်းလာပြီကွယ် ဆီးကြိုလှည့်ကွယ်”” ဟူသော စာသားတွင် ရန်ကုန်မြို့ ““ရွှေမန်းရေယာဉ်”” အလှပြယာဉ်ပေါ်မှ သီဆိုသောအခါ ““ခင့်ရွှေမန်းလာပြီကွယ် ဆီးကြိုလှည့်ကွယ်”” ဟုပဲ ပြောင်းလဲ သီဆိုခဲ့၏။ နောင်တချိန် ကိုအံ့ကြီးက ထိုသီချင်းကို ဓာတ်ပြားသွင်း ဖြန့်ချိသောအခါ ““ခင့် ရွှေမန်းလာပြီကွယ်”” ဟုပဲ ဆက်လက် သီဆိုသောကြောင့် ဆရာငြိမ်းမိသားစုက မူရင်းစာသားအမှန်ကို လှမ်း၍ ထောက်ပြခဲ့ဖူးသည်။

ဆူးငှက်

မှတ်ချက်-စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013