DVB Logo
Home
Lead Story
မြန်မာ့ လူဦးရေ ၃ ပုံ ၁  ပုံ အလွန်ဆိုးရွားသည့် အစာရေစာမပြည့်ဝမှုကြုံနေရဟု သံအမတ်ကြီး ပြော 
DVB
·
July 16, 2026
Photo: Permanent Mission of Myanmar to the UN
Photo: Permanent Mission of Myanmar to the UN
Donate to DVB

မြန်မာနိုင်ငံမှာ လူ ၁၀ ယောက်မှာ ၁ ယောက်နှုန်းက အလွန်အမင်း ဆင်းရဲမွဲတေမှုအတွင်း ကျရောက်နေထိုင်နေရပြီး  တိုင်းပြည်ရဲ့  လူဦးရေ ၃ ပုံ ၁  ပုံဟာ အလွန်အမင်းဆိုးရွားတဲ့ အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၄ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အဆင့်မြင့်နိုင်ငံရေးဆိုင်ရာ ဖိုရမ် (၂၀၂၆ ခုနှစ်)ရဲ့  ဝန်ကြီးများအဆင့် ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့တဲ့  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုတွေ ပျက်စီး ဆုံးရှုံးခဲ့ရတယ်၊ စစ်အုပ်စုဟာ နာမည်တွေဘယ်လို ဟန်ပြ ပြောင်းလဲ၊ ပြင်ဆင်၊ ခေါ်ဝေါ်၊ သုံးစွဲနေစေကာမူ သူတို့ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနဲ့ တိုးတက်မှု ကျဆင်းတာတွေရဲ့ အဓိက တရားခံဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“နာကျင်စွာနဲ့ ပြောကြားရရင် မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ ဘဝတွေ သာယာဝပြောနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ရမဲ့အစား ရှင်သန်ရပ်တည်ရေးအတွက်ကိုသာ ရုန်းကန်နေရတယ်၊ လူ ၁၀ ယောက်မှာ တယောက်နှုန်း အလွန်အမင်း ဆင်းရဲမွဲတေမှုအတွင်း ကျရောက် နေထိုင်နေရပြီး စားနပ်ရိက္ခာ မလုံလောက်မှုဟာ  ၂၀၁၅ ခုနှစ်မှတ်တမ်းတွေထက် အလွန်မြင့်တက်နေတယ်၊ ၁၀ စုနှစ်တာကာလအတွင်း ပဋိပက္ခတွေ အမြင့်မားဆုံး အခြေအနေအထိ ပွားများလာခဲ့ပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို ပြောင်းပြန် အနေအထားသို့ သိသိသာသာ ပြောင်းလဲခဲ့တယ်”လို့ ပြောပါတယ်။

မတရား စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာခဲ့ပြီး တိုင်းပြည် လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ အလွန်အမင်းဆိုးရွားတဲ့ အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရတယ်၊ ကလေးသူငယ် ၁ သန်းကျော်လည်း အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်တွေ ကင်းကွာနေရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းနေအရွယ် ကလေးသူငယ်တွေနဲ့ လူငယ်လူရွယ် ၆ ဒသမ ၃ သန်းကျော်ဟာ ကျောင်းတက်ရောက်ပြီး ပညာသင်ကြားနိုင်ခြင်းမရှိကြောင်း၊  ၄၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အိမ်ထောင်စုတွေ သောက်သုံးရေသန့် မရရှိသလို၊ လူငယ်လူရွယ် ၅ သိန်းလောက်ဟာ စစ်အုပ်စုရဲ့ အဓမ္မတပ်သားစုဆောင်းမှုနဲ့ မလုံခြုံမှုတို့ကြောင့် ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်၊  ပြည်သူ ၈,၁၀၀ ကျော်ဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး၊ ၃ ဒသမ ၇ သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အချိန်နဲ့တပြေးညီ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မရှိလို့ မြန်မာနိုင်ငံမှာ မျိုးဆက်တခုလုံး ဆုံးရှုံးရမဲ့ ကြီးလေးတဲ့ အန္တရာယ်ဆိုးနဲ့ကြုံနေရတယ်၊ မြန်မာနိုင်ငံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ မဖြစ်မနေ လိုအပ်တယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီနဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီထောက်ခံအားပေးဖို့ သံအမတ်ကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013