
အမေရိကန်ပြည်ထောင်စုဟာ ပနားမားတူးမြောင်းကို အမျိုးသားလုံခြုံရေးဦးစားပေးအဖြစ် သတ်မှတ်ထားပြီး တရုတ်လို ပြင်ပနိုင်ငံတွေက သုံးစွဲမှုအပေါ်မှာ လွှမ်းမိုးခြယ်လှယ်တာကို ခွင့်မပြုဘူးလို့ အမေရိကန်ရေတပ်ဦးစီးချုပ် ဒဲ့ရယ်လ်ကောဒဲလ်က သတိပေးလိုက်ပါတယ်။
ဇွန် ၂၂ ရက်နေ့ ပနားမားစီးတီးမှာ စစ်ဦးစီးချုပ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတူးမြောင်းဟာ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကြား အမေရိကန်ရေတပ်အင်အားစုတွေ ဖြတ်သန်းသွားလာဖို့ အရမ်းအရေးကြီးတယ်လို့ ကောဒဲလ်က ဆိုပါတယ်။
ဒါကြောင့် ဒီရေကြောင်းလမ်းကို ကာကွယ်ဖို့ ပနားမားနိုင်ငံနဲ့ ဆက်ဆံရေးဟာ အဓိကသော့ချက် ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
တူးမြောင်းအပေါ် တရုတ်က ဩဇာလွှမ်းမိုးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စွပ်စွဲပြီးနောက်ပိုင်း အမေရိကန်နဲ့ ပနားမားကြား ဆက်ဆံရေး တင်းမာခဲ့ဖူးပါတယ်။
အဓိက အငြင်းပွားမှုကတော့ တူးမြောင်းရဲ့ အစွန်နှစ်ဖက်က ဆိပ်ကမ်းတွေကို ဟောင်ကောင်အခြေစိုက် CK Hutchison ကုမ္ပဏီက လုပ်ကိုင်နေတာကြောင့် ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာတော့ အဲဒီကုမ္ပဏီက ပနားမားဆိပ်ကမ်းရှယ်ယာ ၉၀ ရာခိုင်နှုန်းကို Black Rock ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုက ဦးဆောင်တဲ့ အဖွဲ့ဆီ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပနားမားနိုင်ငံက အရောင်းအဝယ်ကို စိစစ်ခဲ့ပြီး ၂၀၂၆ ခုနှစ်အစောပိုင်းမှာ တရားရုံးချုပ်က CK Hutchison ရဲ့ လုပ်ကိုင်ခွင့်ဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အဲဒီဆိပ်ကမ်း ၂ ခုကို ပနားမားအစိုးရက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ပနားမားတူးမြောင်းဟာ ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းလမ်းတွေထဲက တခုဖြစ်ပြီး အမေရိကန်ရဲ့ စီးပွားရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့နေရာတခု ဖြစ်ပါတယ်။










