DVB Logo
Home
Lead Story
ငြိမ်းချမ်းရေး ထောက်ခံပွဲများအပေါ် အမြင်များ
DVB
·
April 9, 2015
ငြိမ်းချမ်းရေး ထောက်ခံပွဲများအပေါ် အမြင်များ
1 / 8
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ ကျင်းပပြုလုပ်နေကြပါတယ်။ အခုလို ငြိမ်းချမ်းရေးထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်နေတဲ့အပေါ် အမြင်သဘောထားတွေကို ဒီဗွီဘီသတင်းထောက် ရွှေအောင်နဲ့နန်းမြနဒီတို့က မေးမြန်းထားပါတယ်။

ခွန်စိုးမြင့်ထွန်း (ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် -  အထွေထွေအတွင်းရေးမှူး)

“ကျနော်သိသလောက်ကတော့ ဒီလ ၆ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မောက်မယ်၊ မိုးနဲ၊ လွယ်လင်၊ နမ့်စံ အဲဒီဘက်မှာ ငြိမ်းချမ်းရေးထောက်ခံပွဲတွေ လုပ်တယ်၊  မကျိုင်းပြည်သူ့စစ်အဖွဲ့က စည်းရုံးပေးတယ်တဲ့၊ တအိမ်တယောက် သွားရမယ်ပေါ့။ သွားတဲ့လူတွေ ပြန်ပြောပြတာ သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်က ဘာအဓိပ္ပာယ်လဲ ဆိုတာတောင် သေချာမသိဘူးတဲ့ဗျ။ ကြည့်လိုက်ရင် အဲဒီနေရာတွေက လူမှုအခြေပြုအဖွဲ့အစည်းတွေ အားကောင်းတဲ့နေရာမဟုတ်ဘူး။ အဲဒီတော့ စီအက်စ်အိုက ဦးဆောင်တာ မဖြစ်နိုင်ဘူး။ အစိုးရက တဖက်လှည့်ထောက်ခံခိုင်းတာပဲဖြစ်မယ်။ ငြိမ်းချမ်းရေးဆိုတာကို ပြည်သူတိုင်းက လိုချင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ စေခိုင်းတာမဟုတ်ဘဲ ပြည်သူတွေ ကိုယ်တိုင် ထလုပ်တာပဲ ဖြစ်သင့်တယ်။ ကျနော်ဆိုရင်လည်း အပစ်ခတ်ရပ်စာချုပ်ပါ အချက်တွေ သဘောတူမှုရတာ ထောက်ခံပေမယ့် တကယ့်ငြိမ်းချမ်းရေးမရသေးတော့ အဲလိုမလုပ်သေးဘူး၊ စောသေးတယ်။ အခုဟာက ရင်တွင်းဖြစ်မဟုတ်ဘူး၊ ရယ်ဒီမိတ်ပဲလို့မြင်တယ်။ ဆိုင်းဘုတ်တွေလည်း အတူတူပဲ၊ ရယ်ဒီမိတ်ပဲ။ ပြည်သူ့အင်အားကို အလွှဲသုံးစား လုပ်တယ်လို့ မြင်တယ်ဗျ။”

ဦးသန်းဝင်း (ထားဝယ်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့)

“ခရိုင်အုပ်ချုပ်ရေးမှူးက ဒီပွဲတက်ဖို့ ဖိတ်ခိုင်းတယ်ကြားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိတ်တာပေါ့ဗျာ။ သူ့ရဲ့စည်းမျဉ်းစည်းကမ်းမှာ ၀န်ထမ်းဟာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ပြောတယ်။ အခု ငြိမ်းချမ်းရေးထောက်ခံပွဲတွေမှာ ၀န်ထမ်းတွေ ပါလာတာကို ကျနော်တို့ ကြိုဆိုတယ်ဗျ၊ ကြိုက်တယ်ဗျ။ ၀န်ထမ်းလည်း နိုင်ငံရေး လုပ်ရမှာ။ ဒါပေမယ့် ကျနော်တို့လုပ်တဲ့ အတိုက်အခံ နိုင်ငံရေးကျ မလုပ်ခိုင်းဘူး။ အဲ့ဒီလို တဖက်သတ်ပိတ်ထားတာ ဒါ မတရားဘူးဗျ။ ၀န်ထမ်းလည်း နိုင်ငံသားပဲ၊ သူ မကျေနပ်လို့ရှိရင် နိုင်ငံသားအခွင့်အရေးအရ ဆန္ဒပြခွင့် ရှိရမယ်။ စောစောက ပိတ်ထားပြီး ဥပဒေဘယ်နှမျိုးရှိလဲလို့ မေးရတော့မယ်။ သူတို့ လိုချင်တဲ့အခါ ၀န်ထမ်းတင်မကဘူး၊ သမ္မတပါ ဆန္ဒပြချင်ပြလို့ရမယ်။ လယ်သမားတွေ ဆန္ဒပြတယ်ဗျာ၊ အဒေါ်ကြီး ဘယ်ကလာပြီး ဘာလာလုပ်လဲ၊ ဘာကိစ္စဆန္ဒပြတာလဲ လာမေးတယ်ဗျာ။ စရဖတို့၊ အက်စ်ဘီတို့ စသုံးလုံးတို့ ရဲတို့ကပေါ့။ ဒါ လူတယောက်ကို တမင်သက်သက်ခြိမ်းခြောက်တာဗျ။ အခု လူထုထောက်ခံပွဲ ထားဝယ်မှာ မနေ့ကလုပ်တယ်၊ ဘယ်အက်စ်ဘီတယောက်မှ ဓာတ်ပုံလိုက်ရိုက်တာ မတွေ့ရဘူး။ ကျနော်တို့ဆန္ဒပြရင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ပေးဖို့ ကြက်ခြေနီတောင်းတယ်၊ မပေးဘူး။ မနေ့က ကြက်ခြေနီကားနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးတာတွေ့ရတယ်။ ၀န်ထမ်းတွေကို အစိုးရက မတရားအနိုင်ကျင့်တာပဲ၊ မတရား လုပ်တာဗျ။”

ဒေါက်တာရန်မျိုးသိန်း (နိုင်ငံရေးဆောင်းပါးများရေးသားသူ)

“အပစ်အခတ်ရပ်စဲရေးတို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ဆိုတာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာပြီးတော့ သဘောတူညီချက်တခုရအောင်လုပ်ပြီးမှ တည်ဆောက်ယူလို့ရတယ်လို့ မြင်တယ်။ အခု တချို့မြို့တချို့နေရာတွေမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ အာဏာရပါတီက အတိုင်းအတာတခုအထိ ပတ်သက်တယ်လို့ ယူဆရတဲ့ ထောက်ခံပွဲတွေ လုပ်တယ်ဆိုတာဟာ တကယ်တမ်းတော့ ပြည်တွင်းငြိမ်းချမ်းရေးကို မလိုအပ်တဲ့ဖိအားပေးမှုလုပ်တဲ့ ပုံစံမျိုး သက်ရောက်တယ်လို့ မြင်တယ်။ တကယ်တမ်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်ဖို့ဆိုလို့ရှိရင် ဒီလိုမျိုး အစိုးရ၀န်ထမ်းတွေပါတဲ့ အစိုးရက ပတ်သက်နေတယ်လို့ ယူဆရတဲ့ ထောက်ခံပွဲတွေ  ဆန္ဒထုတ်ဖော်ပွဲတွေဟာ အနှောင့်အယှက်တောင် ဖြစ်ပေါ်နိုင်စေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ ဒီပုံစံဟာ အရင် စစ်အစိုးရလက်ထက် အမျိုးသားညီလာခံထောက်ခံပွဲတွေလုပ်တဲ့ ပုံစံမျိုးနဲ့ တထပ်တည်းဖြစ်နေတာကို တွေ့ရတဲ့အခါကျတော့ လက်ရှိ အစိုးရသစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဒီအခြေအနေတွေနဲ့ လိုက်လျောညီထွေ မရှိတဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ လုပ်ရပ်တခုလို့ မြင်ပါတယ်ဗျ။”

ဦးအောင်ထွဋ် (မြိတ်မြို့ထောက်ခံပွဲတွင် ပါဝင်ချီတက်ခဲ့သူ ကရင်တိုင်းရင်းသား)

“ကျနော့်အနေနဲ့ ဘယ်လို ပါဝင်ဖြစ်သလဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း တိုင်းရင်းသားတယောက်ဖြစ်တယ်ဗျာ။ မြိတ်မှာ မွေးဖွားတဲ့သူ ဒီဒေသမှာ မွေးဖွးကြီးပြင်းလာတဲ့သူဆိုတော့ ဒီဒေသအခက်အခဲ အကျပ်အတည်းကို ကိုယ်တိုင်မြင်တွေ့ဖြတ်သန်းလာခဲ့သူဆိုတော့ ငြိမ်းချမ်းရေးစာချုပ်မူကြမ်းမှာ ပါဝင်ခဲ့တာပါ။ ကျနော်ကတော့ ကိုယ့်သဘောနဲ့ကိုယ်ပါဝင်တာပါပဲ။ အခုခေတ်ကတော့ အားလုံး ပွင့်လင်းမြင်သာတဲ့ခေတ်ဆိုတော့ မိမိရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့အညီ ဝေဖန်ပြောဆိုနိုင်ကြပါတယ်။”

ငြိမ်းချမ်းရေး ထောက်ခံဆန္ဒပြပွဲ - ထားဝယ်

[gallery ids="88953,88954,88955,88956,88957,88958,88959,88960"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013