DVB Logo
Home
Lead Story
ကျနော်တို့ ခန့်မှန်းတာ လူ ၁၅၀ လောက် သေဆုံးတယ် - ဦးအောင်ဝင်း
DVB
·
April 9, 2015
ကျနော်တို့ ခန့်မှန်းတာ လူ ၁၅၀ လောက် သေဆုံးတယ် - ဦးအောင်ဝင်း
Donate to DVB

မတ်လ ၁၃ ရက်ညပိုင်းက အောင်တံခွန်သင်္ဘောနစ်မြုပ်မှုမှာ လူသေဆုံးမှုဟာ အစိုးရသတင်းထုတ်ပြန်ထားတာထက်ပိုပြီး လူ ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် မြေပုံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။ သေဆုံးသူတွေထဲ ကလေး အယောက် ၂၀ လောက် ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြေပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်ဝင်းတို့ ပြည်နယ်လွှတ်တော်စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်အရ အောင်တံခွန်သင်္ဘောနစ်မြုပ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းက ဘာ့ကြောင့်လို့ ပြောနိုင်မလဲဗျ။

“အောင်တံခွန်-၃နစ်မြုပ်မှုမှာ အဓိကအားဖြင့် တွေ့ရတာကတော့ သင်္ဘောဟောင်းနွမ်းဆွေးမြည့်ပြီး နှစ်ပေါင်း ၂၀ လောက်ရှိနေတဲ့အပေါ် အဓိက အခြေခံတယ်လို့ တွေ့ရပါတယ်။ နောက်တချက်က အဲ့ဒီလို ဟောင်းနွမ်းနေတဲ့ သင်္ဘောပေါ်မှာ အပေါက်အပြဲတွေ အများကြီး ရှိနေတယ်။ အဲ့ဒါကို ပြီးစလွယ်ဖာထေးထားတာကို တွေ့ရတယ်။ ကျောက်ဖြူကနေ သင်္ဘောထွက်တော့ အဲ့ဒီလို ဖာထေးထားတဲ့နေရာကို ရေတွေစိမ့်ဝင်တယ်၊ ရေတွေစိမ့်ဝင်နေတဲ့အချိန်မှာ သင်္ဘောပေါ်မှာပါတဲ့ ခရီးသည်တွေ ပြောပြချက်အရ ခရီးသည်အရမ်းများပြီး  ၃၅၀ လောက် ရှိနေတယ်၊ နောက်ပြီး ကုန်ပ္စစည်းတွေကလည်း အပေါ်ရောအောက်ရော အပြည့်တင်ထားတာတွေ့ရတယ်။ အဲ့ဒီတော့ အဓိက ပြောချင်တာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သင်္ဘောပေါ်မှာ လူရော ကုန်ရော မတန်တဆ တင်ဆောင်လာတာကြောင့်လို့ ပြောချင်ပါတယ်။”

နောက်တပိုင်းက ဦးအောင်ဝင်းတို့ စုံစမ်း တွေ့ရှိချက်အရ လူသေဆုံးမှု ဘယ်လောက်ရှိတာ တွေ့ရလဲ။

“ကျနော်တို့ မြေပုံကို တာဝန်ယူစုံစမ်းရတဲ့အဖွဲ့အနေနဲ့ သင်္ဘောနစ်မြုပ်တဲ့နေရာ နယ်မြေဒေသနဲ့ ဆိုင်တဲ့အတွက် ကျနော်တို့ လေ့လာတွေ့ရှိချက်အပိုင်းမှာတော့ မျက်မြင်အတွေ့အရ ၆၆ ယောက်သေတာ တွေ့ရတယ်။ ကျနော်တို့ဆီကို ဆက်သွယ်ပြီး လူပျောက်စာရင်းပေးပို့ထားတာတွေ ရှာဖွေလို့ မတွေ့နိုင်တဲ့အလောင်းတွေ အများကြီး ရှိတာကို တွေ့ရတယ်။ နောက်တချက် သင်္ဘောမှာ အထူးခရီးသည်အနေနဲ့ ပါဝင်တဲ့ သင်္ဘောရဲ့ တဘက်ခြမ်းက အခန်း ၆ ခန်းမှာ ပါဝင်တဲ့ လူအရေအတွက်ဟာ မျက်မြင်ပုဂ္ဂိုလ်တွေ ပြောပြချက်အရ လူ ၃၀ လောက် ရှိမယ်လို့ ခန့်မှန်းတယ်။ နောက်တခုက သင်္ဘောဝမ်းဗိုက်ထဲ ရေ၀င်လို့ ရေဆင်းပက်တဲ့သူ ၁၀ ကျော်လောက် ရှိတယ်လို့သိရပါတယ်။ နောက် ၁၃ ရက်မှာ သင်္ဘောနစ်မြုပ်ပြီးတဲ့နောက် ၁၄ ရက်နဲ့ ၁၅ ရက်မှာ စက်လှေသမားတွေက ကျနော်တို့ဆီ ဆက်သွယ်ပြီးပြောတာက မြစ်ပြင်လယ်မှာ ကလေးအလောင်း ၂၀ လောက် တွေ့တယ်လို့ ပြောတယ်။ အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ကလေးတွေ အတော်များများပျောက်နေတာ တွေ့ရတယ်။ ဒီကလေးအလောင်းတွေကို ဆယ်ယူတာလည်း မရှိဘူး။ စာရင်းဇယားမှာလည်း မပါဘူး။ လူပျောက်စာရင်းထဲမှာ ရှိနေတယ်။ တချို့ လူကြီးပိုင်းတွေ အလောင်း ရှာမတွေ့လို့ ကျနော်တို့ဆီ ဆက်သွယ်သတင်းပို့ထားတာလည်း ရှိပါတယ်။ ကျနော်တို့ ခန့်မှန်းတာကတော့ လူ ၁၅၀ လောက် သေဆုံးတယ်။”

ဦးအောင်ဝင်းတို့ တွေ့ရှိချက်ကို ဘာဆက်လုပ်ကြမလဲ။

“ကျနော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လေးဖွဲ့တွေ့ရှိချက်တွေကိုပေါင်းပြီးတော့ ပြည်နယ်လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းပါမယ်။ တင်သွင်းပြီးတဲ့နောက် ကျနော်တို့မှာ လုပ်စရာ ကျန်နေတာက ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆုံးသွားတဲ့လူတွေနဲ့ ရှင်ကျန်ရစ်တဲ့ လူတွေကို အထောက်အပံ့ပေးရာမှာ မရတဲ့သူတွေ ရှိနေပါတယ်။ အလောင်းစာရင်းတွေ ရှာမတွေ့တဲ့သူတွေလည်း ရှိနေပါတယ်။ အဲ့ဒီအပိုင်းကို ပြည်နယ်အစိုးရအနေနဲ့ ဘာတွေ ကူညီလုပ်ဆောင်ပေးမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ကျနော်တို့ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရထံ ဆက်လက်ပေးပို့ခဲ့ရင်တော့ ပိုပြီး အကျိုးရှိမယ်လို့ မြင်ပါတယ်။”

သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်တဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဆိပ်ကမ်း တာဝန်ရှိသူတွေနဲ့ သင်္ဘောဝန်ထမ်းတွေရဲ့ ကြီးလေးတဲ့ ပေါဆမှုကြောင့် မြုပ်ရတာလို့ သုံးသပ်ထားတယ်၊ ဦးအောင်ဝင်းတို့ ရော တွေ့ရလား။

“ကျနော်တို့ သိရသလောက် ဒီသင်္ဘောပေါ်မှာ ပစ္စည်းတင်တဲ့ မနိုင်ဝန်ကြီးကို မဆံ့မပြဲတင်တဲ့အနေအထားမှာ ဆိပ်ကမ်းတာဝန်ရှိသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ လူဦးရေ မတန်တဆတင်တာကိုလည်း ဆိပ်ကမ်းတာဝန်ရှိသူတွေ ဘာမှ မလုပ်ခဲ့ကြဘူး။ နောက်တခု ကြားရတာက ကျောက်ဖြူကနေ မြေပုံဘက်ကို ထွက်တဲ့အခါ သင်္ဘောပေါ်မှာ လူဦးရေက မတန်တဆဖြစ်တယ်။ ပစ္စည်းတွေလည်း အရမ်းများတယ်။ သင်္ဘောမှာလည်း ရေတွေဝင်နေ တယ်ဆိုတာကြီးကို ကျောက်ဖြူဆိပ်ကမ်းအာဏာပိုင်ကနေ စစ်တွေ ဆိပ်ကမ်းအာဏာပိုင်ကို ထွက်သင့် မထွက်သင့် အကြောင်းကြားတယ်လို့ ပြောပါတယ်။ စစ်တွေက ဘာပဲဖြစ်ဖြစ်ထွက်ခဲ့လို့ ပြောလို့ ထွက်တယ်လို့ သတင်းအရ သိရပါတယ်။ အဓိက ပြောချင်တာကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ယူရတဲ့ အစိုးရအဖွဲ့အစည်းဌာန၊ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့မှာ တာဝန်ရှိတယ်၊ ရေလမ်းခရီးမှာ ပစ်ထားခဲ့တဲ့ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ ပြောချင်တယ်။”

သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်တဲ့ ပြည်နယ်လွှတ်တော်စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ဧပြီ ၁၀ ရက်မှာ ပြည်နယ်လွှတ်တော်ထံ တင်သွင်းမှာဖြစ်ပြီး အဖွဲ့ဟာ သင်္ဘောပေါ်မှာပါရှိပြီး အသက်ရှင်ကျန်ရစ်သူတွေ၊ အလောင်းတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တဲ့ ဒေသခံ စက်လှေသမားတွေ၊ ရေငုပ်ရှာဖွေပေးခဲ့တဲ့သူတွေနဲ့ လိုက်လံတွေ့ဆုံမေးမြန်းစုံစမ်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013