DVB Logo
Home
ရွေးကောက်ပွဲ
တရားမျှတမှုရှိမယ်၊ မရှိဘူးဆိုတာက ရွေးကောက်ပွဲဖြစ်လာမှ သိမှာပဲ - ဦးခင်မောင်ဆွေ
DVB
·
April 9, 2015
တရားမျှတမှုရှိမယ်၊ မရှိဘူးဆိုတာက ရွေးကောက်ပွဲဖြစ်လာမှ သိမှာပဲ - ဦးခင်မောင်ဆွေ
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေကို သမ္မတ၊ တပ်မတော်၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ၄၀ ကျော်တို့ ဧပြီ ၈ ရက်နေ့ ညနေပိုင်းက နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေး၊ ၂၀၁၅ ရွေးကောက်ပွဲ အေးအေးချမ်းချမ်းကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလ တည်ငြိမ်းရေး၊  ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အေးအေး ချမ်းချမ်း အာဏာလွဲပြောင်းပေးဖို့ အဓိက ထားဆွေးနွေးခဲ့ကြတာပါ။

၄၈ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို  ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေကို မေးမြန်းထားပါတယ်။

သမ္မတနဲ့တွေ့တဲ့ ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘာတွေဆွေးနွေးခဲ့သလဲ။

“ဆွေးနွေးတာကတော့ ကော်မရှင်ဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်ခင် ကြိုအကြောင်းကြားမယ်။ နောက် နှစ်လကြိုတင် မဲဆွယ်ခွင့်ပေးမယ်ပေါ့။ အဲ့တာပြောပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲလေ့လာသူတွေကိုလည်း ဝင်ခွင့်ပေးမယ်ပေါ့ဗျာ။ အဲ့လိုပြောပါတယ်။ နောက်ဆွေးနွေးတဲ့သူတွေလည်း ရှိပါတယ်။ ဒါကိုမျှတအောင် ဘယ်လိုလုပ်မလဲပေါ့။ တချို့ကိစ္စတွေ ဥပမာ အိမ်ထောင်စုစာရင်းမရှိလို့ရှိရင် ရွေးကောက်ပွဲမှာ မဲပေးလို့ရတယ်၊ မရဘူး ကိစ္စတွေပေါ့ဆွေးနွေးပါတယ်။ ကော်မရှင်ဥက္ကဋ္ဌကတော့ သူ့အနေနဲ့ မျှတအောင်အဘက်ဘက်က သူလုပ်မယ်လို့တော့ ကတိပေးသွားတာပဲဗျ။

ဒီနေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဆွေးနွေးချက်တွေကို ဦးခင်မောင်ဆွေအနေနဲ့ အားရသလား။

“ကော်မရှင် ဥက္ကဋ္ဌတယောက်အနေနဲ့ပြောတာကတော့ လက်ခံရမှာပေါ့။ ဒါကသူ့ရဲ့အဆိုကိုး။ ဒါပေမယ့် တကယ်တမ်း တရားမျှတမှုရှိမယ်၊ မရှိဘူးဆိုတာကတော့ ရွေးကောက်ပွဲဖြစ်လာမှ သိမှာပဲလေ။ သူပြောတိုင်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ရွေးကောက်ပွဲတွေက ဘယ်တုန်းကမှ ဘယ်တိုင်းပြည်မှာမှ ရာခိုင်နှုန်းပြည့် သန့်ရှင်းတယ်၊ လွတ်လပ်တရားမျှတ တယ်ဆိုတာ မရှိပါဘူး။ သူကတော့ သန့်ရှင်းမျှတလွတ်လပ်အောင်လုပ်မယ်ပြောတာပဲလေ။

ရွေးကောက်ပွဲပြီး နောက်ပိုင်း ကိစ္စတွေကိုကော ဆွေးနွေးဖြစ်လားရှင့်။

“အင်း အဲ့ဒီလောက်ထိတော့ မဆွေးနွေးကြဘူးဗျ။ နောက်ပိုင်းကို ဘယ်သူ့မှလည်း မဆွေးနွေးကြသလို သူတို့ဘက်ကလည်း မဆွေးနွေးကြဘူးဗျ။ တက်ရောက်သူတွေဘက်ကလည်း မဆွေးနွေးကြဘူးဗျ။”

ပါတီတခုကို ဆွေးနွေးချိန်ဘယ်လောက်ရခဲ့လဲ။

“ပါတီတခုစီတော့မဟုတ်ဘူးဗျ၊ ပထမပိုင်း ဆယ့်တစ်ယောက်ပေါ့ဗျာ။ ဦးရွှေမန်းကစပြီးတော့ ဆယ့်တစ်ယောက်ကတော့ နည်းနည်းကြာတာပေါ့လေ။ တချို့လည်း ကြာကြာဆွေးနွေးကြတယ်။ တချို့လည်းမကြာဘူး၊ သုံးလေးမိနစ်လောက်ပဲဆွေးနွေးတာရှိတယ်။ တချို့လည်း ဆယ်မိနစ်၊ဆယ့်တစ်မိနစ်လောက်ထိ ဆွေးနွေးတာလည်းရှိပါတယ်။ နောက်ပိုင်း ဆယ့်နှစ်ယောက်မြောက်ကစပြီးတော့ ကျနော်တို့ ၄၈ ထိပေါ့ဗျာ၊ အဲ့ဒီမှာ ၄၈ ဆိုတာက တိုင်းရင်းသားရေးရာဝန်ကြီးတွေပေါ့။ တိုင်းတတိုင်း တပြည်နယ်တခုကို တယောက်ပဲဆွေးနွေးရတယ်ဆိုတော့ သိပ်မကြာလိုက်ဘူးဗျ။မဆွေးနွေးတဲ့သူလည်း ရှိတာကိုး။ သိပ်မကြာလိုက်ဘူး။ ဒါပေမယ့် ခြုံငုံလိုက်ရင်တော့ ကျနော်တို့ ၃နာရီလောက်ကစတာ ခြောက်နာရီမှပဲ ပြီးသွားတယ်လေ။

သမ္မတအနေနဲ့ရော ဘာပြောသေးလဲ။

“သမ္မတကတော့ အခုဆွေးနွေးတဲ့ဟာတွေကို သင့်တော်ရာ သင့်တော်ရာ လိုအပ်ရင် လိုအပ်သလို အကောင်အထည်ဖော်နိုင်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြောမယ့် သဘောတော့ပြောသွားတယ်။ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲလုပ်မယ်လို့ သမ္မတကပြောသွားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013