DVB Logo
Home
Lead Story
ထိုင်းသင်္ကြန်မှာ ရေနှင့်ဖျော်ပြီး မျက်နှာကို သုတ်သည့် ပေါင်ဒါအကြောင်း တစေ့တစောင်း
DVB
·
April 9, 2015
Donate to DVB

ထိုင်းနိုင်ငံမှာ ဆုန်ခရမ်း (ခေါ်) သင်္ကြန်နီးလာတာနဲ့ သင်္ကြန်နဲ့ သက်ဆိုင်တဲ့ ရေပြွတ်တွေ သင်္ကြန်အင်္ကျီတွေ ဈေးကွက်ထဲကို ရောက်လာတဲ့အချိန်မှာပဲ ရေနဲ့ ဖျော်ပြီး မျက်နှာကို လိမ်းလေ့ ရှိသလို သင်္ကြန်မှာ တယောက်နဲ့ တယောက်မျက်နှာတွေကို သုတ်လိမ်းလေ့ရှိတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါရဲ့ အခန်း ကဏ္ဍကလည်း မဖြစ်မနေ ပါလာလေ့ ရှိပါတယ်။

ရေသဘင်ပွဲကာလအတွင်း မျက်နှာမှာ ပေါင်ဒါ လိမ်းထားတဲ့ ထိုင်းလူမျိုးတွေရဲ့ ဓာတ်ပုံတွေဟာလည်း ထိုင်းနှစ်ကူးပွဲတော်ရဲ့ ကာလကြာရှည် အမှတ်အသား သင်္ကေတတခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိုင်းရေသဘင်ပွဲရဲ့ ရိုးရာဟာလည်း အရင်နှစ်တွေကနေ စတင် ပြောင်းလဲလာပါ တယ်။

ငွေဖလားနဲ့ လူကြီးသူမတွေကို ရေလောင်းတဲ့ ရိုးရာဓလေ့နေရာမှာ ရေပြွတ်သေနတ်တွေ နေရာယူလာကြပါတယ်။

ဒါအပြင် အမျိုးသားတွေက ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါမှုန့်ကို ရေနဲ့ ဖျော်ပြီး အမျိုးသမီးတွေ မျက်နှာကို သုတ်လိမ်းရာမှာ မတော်မတရား လုပ်လာတာတွေ ရှိလာပါတယ်။

ဒီအကြောင်းတွေကြောင့်လည်း ရေသဘင်ပွဲကို အကြီးအကျယ်ဆင်နွှဲတဲ့ ဘန်ကောက်မြို့တော်ရှိ ဆီလွန်နဲ့ ကော့ဆန်လမ်းတွေမှာ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါမှုန့် အသုံးပြုတာကို ပိတ်ပင်ခဲ့ပါတယ်။

ဒီနှစ်အတွက်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ရှင်းလင်းတဲ့မူဝါဒတော့ မချမှတ်ရသေးပါဘူး။

သင်္ကြန်မှာ မျက်နှာကို သုတ်လိမ်းတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါကို  ထိုင်းနိုင်ငံ အလယ်ပိုင်း လော့ဘူရီခရိုင်မှာ အများဆုံး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ခရိုင်ထဲမှာ အဓိက ပေါင်ဒါ လုပ်တဲ့ ရွာ ၃ ရွာ ရှိပြီး ဟင်ဆောင်ကော့ (ကျောက် ၂ လုံးရွာ)  ဆိုတဲ့ ရွာလေးကို မိသားစု ၆၀ လောက်က ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါလုပ်ရင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။

ပေါင်ဒါလုပ်တဲ့သူတွေက မျိုးဆက်တခုကနေ တခုကို ဒီပေါင်ဒါ လုပ်နည်းတွေကို လက်ဆင့် ကမ်းသလို လုပ်ပုံလုပ်နည်းကို အလုပ်လုပ်ရင်း လက်တွေ့သင်ယူကြရပါတယ်။

ပေါင်ဒါလုပ်တဲ့သူတွေက သူတို့ကိုယ်သူတို့ ထိုင်းလို ချော့ဒင်း (မြေကြီးလူသား)တွေလို့ ခေါ်ပါတယ်။ မိသားစုတိုင်းက ၁ လကို ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါ ၁၀ တန်လောက် ထုတ်လုပ်ကြပါတယ်။ ၁ တန်ရဲ့ တန်ဖိုးဟာ ဘတ် ၁၅၀၀ ရှိတဲ့အတွက် ၁ လကို မိသားစုတွေက ဘတ် ၁၅၀၀၀ လောက်ဝင်ငွေရှိကြပါတယ်။

ဒါပေမယ့် သင်္ကြန်ကာလမှာတော့ ပုံမှန်ဝင်ငွေအပြင် ၁ လကို ဘတ် ၂ သောင်း ကျော်လောက်ရတယ်လို့ ပေါင်ဒါလုပ်တဲ့ အသက် ၅၈ နှစ် ဖယောင်းက ပြောပါတယ်။

ဒီပေါင်ဒါကို ထုံးကျောက်၊ မြေမှုန့်အပြင် တခြား သဘာဝပစ္စည်းတွေနဲ့ အဓိကထား ပြုလုပ်ရတာ ဖြစ်ပါတယ်။

ပြုလုပ်ရာမှာတော့ ပထမဆုံးမြေကြီးကို ဆန်ခါချရပါတယ်။ ဒီနောက် ရေနဲ့ ရောပြီး ချောမွေ့တဲ့ မြေစေး ဖြစ်အောင် ၁ ရက်၊ ၂ ရက်လောက် ထားရပါတယ်။

မြေစေးကို နေနဲ့ အခြောက်ခံရတဲ့အတွက် နေပူထဲမှာ အမြဲတမ်းလုပ်ကိုင်ရတာကြောင့် ပေါင်ဒါ လုပ်တာဟာ ခက်ခဲတဲ့အလုပ်တခုလို့ ထုတ်လုပ်တဲ့သူတွေက ပြောပါတယ်။

ဒီနောက်မှာတော့ လိုအပ်သလို ပုံသွင်းရပါတယ်။ အများစုကတော့ အ၀ိုင်းနဲ့ ရေစက်ပုံ သဏ္ဍာန် အမျိုးအစား ၂ မျိုးလုပ်ပါတယ်။ သင်္ကြန်တွင်းမှာတော့ ရေစက်ပုံက ပိုပြီးတော့ လူကြိုက် များပါတယ်။

ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါဟာ ဆေးဘက်ဝင်သလို လူတွေကို အကျိုးကျေးဇူး အများကြီး ရှိတဲ့အတွက် ထိုင်းလူ့အဖွဲ့အစည်းထဲမှာ ကာလကြာရှည် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

လယ်သမားတွေက အရေးပြားယားယံတာကို ကုသဖို့ ဒီပေါင်ဒါမှုန့်ကို သုံးသလို ကလေးတွေ ၀မ်းကိုက်တာကို ကုသဖို့အတွက် ဒီပေါင်ဒါနဲ့ ရေနဲ့ရောပြီး တိုက်လေ့ရှိတယ်။

အမွေးတိုင်၊ အိမ်သုတ်ဆေး၊ သွားတိုက်ဆေး၊ မြေဖြူခဲနဲ့ ပိုးသတ်တဲ့ မြေဖြူခဲတွေမှာ ဒီအမှုန်ကို ထည့်သွင်း အသုံးပြုပါတယ်။

ဒါအပြင် သစ်သီးခြံတွေထဲမှာ ဒီအမှုန်ကို ဖျန်းထားမယ်ဆိုရင် မှိုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

မဲ့ကို တိုက်ဖျက်နိုင်တဲ့ပစ္စည်းတမျိုးပါတဲ့အတွက် ဒင်းဆော်ဖုန်ကို စပါးလို အလှပြုပြင် ကုသပေးတဲ့ နေရာတွေမှာ အသုံးပြုပါတယ်။ ဒါအပြင် ဘာသာရေးပွဲတော်၊ လက်ထပ်ပွဲတွေ၊ လူကြီးသူမတွေကို ကန်တော့တဲ့နေရာနဲ့ ကားအသစ်ဝယ်ယူရာမှာ အသုံးပြုကြပါတယ်။

ဒါပေမယ့်လည်း ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါလုပ်ဖို့ သဘာဝအရင်းအမြစ်တွေ ရှားပါး လာတဲ့အတွက် ထုတ်လုပ်တာကို ရပ်တန့်ရမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

ဒါတင်မကသေးဘဲ မြို့ပြတွေမှာ အထူးသဖြင့် ရေသဘင်ပွဲတွေမှာ ဒီပေါင်ဒါကို တလွဲသုံးတဲ့အတွက် သူရဲ့ပုံရိပ်ကို ထိခိုက်လာနေပါတယ်။ ဒါပေမယ့်လည်း ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါ ကိုတော့ ထိုင်းရိုးရာအဖြစ် လူတွေက ရှုမြင်နေဆဲ ဖြစ်သလို ဆက်လက် ထိန်းသိမ်းလိုနေ တယ်လို့လည်း ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါလုပ်တဲ့ ဖယောင်းက ပြောပါတယ်။

ဒီအတွက် နောင်မျိုးဆက်တွေကို ရေသဘင်ပွဲကို ယဉ်ယဉ်ကျေးကျေး ဆင်နွှဲပြီး ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါကို ကောင်းကောင်းသုံးဖို့ ပေါင်ဒါ လုပ်တဲ့လူတွေက တိုက်တွန်း ပါတယ်။

ဒီလိုလုပ်ဆောင်မယ်ဆိုရင်  ထိုင်းရိုးရာကို ဆက်လက်ရှင်သန်အောင်ထိန်းထားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတခုလို့လည်း ဆိုပါတယ်။

ကိုးကား (ဘန်ကောက်ပို့စ်)

[gallery ids="88883,88884,88885,88886,88887"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013