DVB Logo
Home
Lead Story
တနိုင်ငံလုံး အပစ်ရပ်စာချုပ် ပြီးသွားသယောင်ယောင်နဲ့ လူထုကို လှည့်ဖြားနေကြတယ် - ခွန်ဥက္ကာ
DVB
·
April 8, 2015
တနိုင်ငံလုံး အပစ်ရပ်စာချုပ် ပြီးသွားသယောင်ယောင်နဲ့ လူထုကို လှည့်ဖြားနေကြတယ် - ခွန်ဥက္ကာ
Donate to DVB

၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အန်စီစီ တီ (တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) နဲ့ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းကော်မတီ) တို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ တာဟာ လုပ်ငန်း အဖွဲ့နှစ်ခုအကြား တနိုင်ငံလုံးအပစ်ရပ်သဘောတူညီချက် မူကြမ်းကို သဘောတူညီမှုသာဖြစ်ပြီး “အပြီးသတ်သဘောတူစာချုပ်”မဟုတ်ကြောင်း  ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကြေညာပါတယ်။

အဆိုပါ မူကြမ်းသဘောတူညီချက်ကို အန်စီစီတီအဖွဲ့ဝင်တွေက သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်တွေကို တင်ပြအစီရင်ခံပြီး နောက် ထိပ်သီးခေါင်းဆောင်အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ ဧပြီ ၆ ရက်နေ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

အလုပ်အဖွဲ့နှစ်ဖွဲ့ဟာ ဒီ အချောသတ်မူကြမ်းအတွက်  တနှစ်ကျော်ခန့် အချိန်ယူ ညှိနှိုင်းရေးဆွဲခဲ့ကြပြီး နိုင်ငံတော်သမတရှေ့မှောက်မှာ သဘောတူလက်မှတ်ထိုး ခဲ့ကြပါတယ်။

အန်စီစီတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ယူအန်အက်ဖ်စီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)  ဗိုလ်မှူးကြီးခွန်ဥက္ကာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အန်စီစီတီနဲ့ ယူအန်အက်ဖ်စီနဲ့ အကြား ဒီနှစ် မတ်လ ၃၁ ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့အပေါ် ယူအန်အက်ဖ်စီ သဘောထားကို ပြောပြပါ။   

“ယူအန်အက်ဖ်စီဘက်ကတော့ ကျနော်တို့ အန်စီစီတီခေါင်းဆောင်တွေပြန်ရောက်ပြီး နောက် တရက် နှစ်ရက်မှာပဲ သုံးသပ်ချက်အစည်းအဝေးခေါ်ပြီးတော့၊ အခြေခံအားဖြင့်တော့ ဒီ ရရှိလာတဲ့ ပဏာမအဆင့်ပေါ့လေ မူကြမ်းရရှိလာတဲ့အပေါ်မှာတော့ သူတို့လက်ခံပါတယ်၊ ကန့်ကွက်စရာမရှိပါဘူး။ သို့သော် ဒါက ပဏာမဖြစ်တယ်၊ မူကြမ်းဖြစ်တယ်။ နောက်ပြီးတော့ အစိုးရဘက်က မူကြမ်းရေးဆွဲတဲ့ အဖွဲ့အစည်းနဲ့ တိုင်းရင်းသားတွေဘက်က မူကြမ်းရေးဆွဲတဲ့ အဖွဲ့အစည်း ၂ ခု ကြားမှာ ရရှိတဲ့ ပဏာမအဆင့်ပဲဖြစ်တော့ မူကြမ်းတွေကို အကောင်အထည်ဖော်ဖို့နဲ့ လက်တွေ့ တရားဝင်လက်မှတ်ထိုးဖို့ကတော့ ထိပ်သီးခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်လာတာကိုး။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်တွေ လက်ထဲကို ပြန်အပ်မယ့် မူကြမ်းက အန်စီစီတီအနေနဲ့ကလည်း အလုပ်အဖွဲ့ရဲ့ တာဝန်ပြီးဆုံးကာနီးပြီဖြစ်ပြီဆိုတော့ ရလာတဲ့ ရလဒ်ကို ပြန်လည်တင်ပြတဲ့သဘောပဲဖြစ်တော့ ဒီရလဒ်အပေါ်မှာ ဝေဖန်သုံးသပ်တာကတော့ ယူအန်အက်ဖ်စီတို့၊ တိုင်းရင်းသားအဖွဲ့အစည်း ညီလာခံတို့ကနေ ဆုံးဖြတ်ရမှာဖြစ်တာကိုး။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း ပိုမိုကျယ်ပြန့်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ညီလာခံတရပ်ကို အမြန်ဆုံးခေါ် မယ်။ အဲဒီမှာ အန်စီစီတီအလုပ်အဖွဲ့က အလုပ်ပြန်အပ်မယ်။ ရရှိတဲ့ရလဒ်ကို ပြန်အပ်မယ်။ အဲဒီသဘောမျိုးတော့ ကျနော်တို့ စီစဉ်နေပါတယ်ခင်ဗျ။”

မတ်လကုန်က လက်မှတ်ရေးထိုးမှုဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) ကို သဘောတူလက်မှတ်ရေးထိုးတာမဟုတ်ဘဲ စာချုပ်မူကြမ်းကို အန်စီစီတီနဲ့ ယူအန်အက်ဖ်စီနဲ့ အကြား အတည်ပြုလက်မှတ်ရေးထိုးခြင်းမျှသာဖြစ်တယ်လို့ ယူအန်အက်ဖ်စီက ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အများပြည်သူတချို့အကြားမှာ အပစ်ရပ်စာချုပ်ချုပ်လိုက်ကြပြီ၊ အေးချမ်းတော့မယ်လို့ နားလည်မှုလွဲ ပြောကြားနေတာတွေ တွေ့မြင်ရပါတယ်။ ဒီဗွီဘီကနေ ပိုမိုရှင်းလင်းအောင် ပြောပြပါ။

“နံပါတ် ၁ ကတော့ အန်စီစီတီဆိုတဲ့ အလုပ်အဖွဲ့ရဲ့လုပ်ပိုင်ခွင့် (Mandate) ကို နားလည်ဖို့လိုတယ်။ အန်စီစီတီအလုပ်အဖွဲ့ဟာ ဒီမူကြမ်းလေး ထွက်ရှိရေးအတွက်ပဲ သူတာဝန်ရှိတယ်ဗျ။ ဒီမူကြမ်းကို တရားဝင် တိုင်းရင်းသားတွေရဲ့ကိုယ်စား လက်မှတ်ထိုးခွင့်မရှိဘူး။ တရားဝင် တိုင်းရင်းသားတွေကိုယ်စား လက်မှတ်ထိုးမှာက ထိပ်သီးခေါင်းဆောင်တွေ ဖြစ်တယ်။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်တွေ လက်ထဲကို မအပ်ခင်မှာ ကျနော်တို့ အချင်းချင်းကြားမှာတော့ ဒါလေးရထားတယ်ဆိုတာ မူကြမ်းရေးတဲ့ကြားမှာပဲ ကတိက၀တ်ထားတာဖြစ်တယ်။ ဒီနေရာမှာ အစိုးရနဲ့ သမ္မတကြီးကိုယ်တိုင်က လာရောက်ပြီးတော့ ကျနော်နိဂုံးချုပ်ပေးတယ်၊ သမ္မတကြီးကိုယ်တိုင်က လာပြီးတဲ့အားပေးတဲ့အတွက် ကျနော်တို့က နည်းနည်းပါးပါး ငြင်းဖို့ ခုံဖို့ရှိတဲ့ကိစ္စတွေတောင်မှ ဖြတ်ပြီးတော့ ကျနော်တို့ အားလုံး စုပေါင်းလက်ခံလိုက်တဲ့သဘောမျိုးပေါ့ဗျာ။ အထူးသဖြင့်တော့ တပ်မတော်ဘက်ကလည်းပဲ အခြေအနေကြည့်ပြီးတော့ သူတို့အနေနဲ့ နည်းနည်းလေး Argument (ငြင်းခုံမှု) လုပ်ချင်တဲ့အပိုဒ်လေးတွေရှိသော်လည်းပဲ သူတို့အနေနဲ့လည်း သမ္မတကြီးရဲ့ဦးဆောင်မှုနောက်ကို လိုက်တဲ့အနေနဲ့ ဒါ ကျနော်တို့ ပဏာမ တူထားပါတယ်ဆိုတယ်ဆိုတာကို ၀ိုင်းဝန်းလက်မှတ်ထိုးတာဖြစ်တာကိုး။ ထိုးတဲ့အခါကျတော့ ကျနော်တို့ တိုင်းရင်းသားတွေဘက်က ရှုထောင့်ကြည့်ရင်တော့ ကျနော်တို့အတွက် နစ်နာဆုံးရှုံးစေမှု (သို့တည်းမဟုတ်) ထိခိုက်နစ်နာစေမှု မရှိသလောက်ဖြစ်တယ်။ ကျနော်တို့ရဲ့တောင်းဆိုချက်တွေ တော်တော်များများ ရာခိုင်နှုန်းတော်တော်များများ စာချုပ်ထဲ ပါနေပြီးဖြစ်နေတဲ့အတွက် ကျနော်တို့ အန်စီစီတီကတော့ ဒီအဆင့် ဒီမျှသာ ကျေနပ်လောက်ပြီးတော့ ကျနော်တို့ အန်စီစီတီ ဆက်တိုး၊ ဆက်လုပ်၊ ဆက်ပြောနေလည်း ဒီထက်တော့ ထပ်တိုးနိုင်ဖို့ မရှိတော့ဘူးလို့ သုံးသပ်ပြီးတော့ ကျနော်တို့လည်း ဒီအဆင့်မှာတော့ တူပါတယ်လို့ လုပ်ပါတယ်။ သို့သော် အဆုံးအဖြတ်ပေးပြီးတော့ ကြားဝင်လက်မှတ်ထိုးဖို့ ဥပဒေကြောင်းအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် ခိုင်ခိုင်လုံလုံအပစ်ရပ်သွားအောင်ကတော့ ကျနော်တို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေလက်ထဲမှာရှိပါတယ်။ သူတို့အနေနဲ့ လက်မှတ်ထိုးဖို့တော့ရှိနိုင်တယ်။ သို့သော် နောက်ထပ် ဟိုအချက်၊ ဒီအချက်ပေါ့ဗျာ ထပ်ဖြည့်၊ ထပ်တောင်းတာလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရပြီးသားကိုတော့ ဖျက်ဖို့၊ နောက်ဆုတ်ဖို့၊ ပျက်ပြယ်ဖို့တော့ ဘယ်သူမှ မလုပ်ဘူးလို့ ကျနော် အဲဒီလို ပြောချင်တယ်။”

အန်ကယ်တို့ လုပ်ငန်းအဖွဲ့ချင်း အန်စီစီတီ နဲ့ ယူပီဒဗလျူစီ ကြား လက်မှတ်ရေးထိုးရာမှာ လုပ်ထုံးလုပ်နည်းအရ ယူပီဒဗလျူစီ ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တက်ရောက်တာ မတွေ့ရဘဲ ဗဟို UPCC ယူပီစီစီ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်တက်ရောက်တာက ဘာကြောင့်လဲလို့ သိရလဲ။

“ကျနော့်အမြင်ကတော့ သမ္မတက ပိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ဦးဆောင်ဦးရွက် လုပ်လာတဲ့အခါကျတော့ ဘယ်အဆင့်ပဲဖြစ်ဖြစ်ပေါ့ဗျာ ပဏာမအဆင့်ပဲဖြစ်ဖြစ်၊ နောက်ဆုံး အခိုင်အမာအဆင့်ပဲဖြစ်ဖြစ် သမ္မတကြီးက ပါဝင်ချင်တဲ့သဘောရှိတယ်ဗျ။ သမ္မတကြီးဘက်ကတော့ ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ချထားတဲ့ပုံရှိတဲ့အခါကျတော့ ပဏာမတော့ ရလောက်မယ်ဆိုပြီးတော့ ၀န်ကြီး ဦးအောင်မင်းရဲ့ သတင်းပို့ချက်အရပေါ့လေ။ သူဝင်လာတာဖြစ်ပြီးတော့ ကဲ ပဏာမဆိုလည်း ပဏာမပေါ့ ရသလောက်။ ကျနော်တို့ဘက်ကလည်း ဒီအဆင့်က အမြင့်ဆုံးပဲဆိုပြီးတော့ ရသလောက် ကတိက၀တ်ထားတာပေါ့။ အထူးသဖြင့် စစ်တပ်ဖက်ကလည်းပဲ ပါဝင်ဖို့လိုတာကိုး။ ဒါကြောင့် စစ်တပ်ကလည်းပဲ နည်းနည်းပါးပါး မကျေလည်တာ အသေးအဖွဲလေးတွေ ကျန်ပေမယ့်လည်း ပါလိုက်ပါ၊ ရလိုက်ပါ။ ဆက်ဆွေးနွေးလည်း ထူးမှာ မဟုတ်တော့ဘူးဆိုပြီးတော့ အခုရပြီးသားအချက်တွေအပေါ်မှာပဲ ပဏာမ တူလိုက်တဲ့သဘောမျိုးပေါ့။ ဒါက တပ်ရော၊ တိုင်းရင်းသားတွေရော၊ ဦးအောင်မင်းတို့ရော မူကြမ်းအဖွဲ့တွေက သဘောတူလိုက်တဲ့အပေါ်မှာ သမတကြီးကလည်း နိဂုံးလာချုပ်ပေးတဲ့သဘောလေးပေါ့။ အထက်အဆင့်က ဆုံးဖြတ်ပေါ့။ ဒါကတော့ ကျနော်တို့လည်း လက်လှမ်းမမီတော့ဘူး။"

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ရဲ့ ဧပြီ ၁ ရက်နေ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ်ရေးထိုးခြင်းအခမ်းအနား (မတ်လ ၃၁ ရက်၊ ၂၀၁၅ ခုနှစ်) ” လို့ ဓာတ်ပုံ ၂ ပုံနဲ့  ဖော်ပြရေးသားထားပါတယ်။ ရရှိခဲ့တဲ့ ရလဒ်နဲ့ အဲဒီရေးသားချက် အတူတူပဲလား။ တစုံတရာ လွဲချော်မှုရှိလား။

“မတူဘူးခင်ဗျ။ မတူဘူး။ လုံးဝမတူဘူး။  အဲဒီရေးသားမှုဟာ ပုံကြီးချဲ့ထားတာပါတယ်။ လက်ဦးမှု ယူထားတာပါတယ်။ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေအနေနဲ့ အကယ်၍ပေါ့ဗျာ၊ ဥပမာ အကယ်၍များ ငြင်းပယ်ခဲ့သော်ဆိုတဲ့ဟာမျိုးကို သူတို့က ကာတဲ့အနေနဲ့ ပြီးပြီသယောင်ယောင် လုပ်ထားပြီးတော့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ ဆုံးဖြတ်ချက်က လိုက်လျောညီထွေမဟုတ်ရင် လိုက်လျောညီထွေမဟုတ်တဲ့ ထိပ်သီးခေါင်းဆောင်တွေကို ချောင်ပိတ်လိုက်သလိုတော့ ဖြစ်သွားနိုင်တာပေါ့။ ဒါကြောင့် ကျနော်တို့က တောင်းပန်တယ် မလုပ်ပါနဲ့ဦးလို့ပြောတယ်။ သို့သော် သူတို့ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိအားပေးသယောင်ယောင်၊ ချောင်ပိတ်သယောင်ယောင် အဲဒီပုံစံမျိုးနဲ့ အမှန်တ၀က်၊ အမှားတ၀က် ပုံစံမျိုးလေးတွေပေါ့ဗျာ ဖုံးတ၀က် ဖော်တ၀က်လေးနဲ့ ထုတ်နေကြတယ်လို့ ကျနော်ယူဆတယ်ခင်ဗျ။ သိသိကြီးနဲ့လုပ်တာပါ။ မှားတာမဟုတ်ပါဘူး။ ကျနော်ပြောပြီးပြီ ခင်ဗျားတို့ ပုံကြီးမချဲ့နဲ့ သူတို့က တမင်တကာလုပ်တာတဲ့ ဗြောင်ပြောတယ်။ ကျနော်ပြောတယ် ခင်ဗျားတို့ပုံကြီးချဲ့ရင် နိုင်ဟံသာ ပြန်လို့မရတော့ဘူးပြောတော့ သူတို့က ကျနော်တို့လည်းမပေးပြန်ချင်လို့ တမင်တကာလုပ်တာပဲဆိုပြီးတော့ အဲသလို လုပ်တာ။ နောက်သလိုလိုနဲ့ တကယ်ပဲ (အန်စီအေ) တနိုင်ငံလုံးအပစ်ရပ်စာချုပ် ပြီးသွားသယောင်ယောင်နဲ့ လူထုကို လှည့်ဖြားနေကြတယ်။ ကျနော်တို့လည်း မီဒီယာကနေ ပြန်တိုက်ပါတယ်။ သို့သော်လည်း သူတို့က ၀ိတ်ပိုကြီးတော့၊ ပိုလုပ်နိုင်တော့ နည်းနည်းလေးတော့ သူတို့ဖက် အားများသွားတာပေါ့ဗျာ။ ဒါပေမယ့် အမှန်က ဘာလဲဆိုတာ သိကြပါတယ်။”

ဒါဆို အမ်ပီစီက အန်ကယ်တို့ ပြောတဲ့ကြားက လုပ်တာလား ။

“အမ်ပီစီက ရည်ရွယ်ချက်ရှိရှိလုပ်တာ။ ကျနော်တို့ပြောတယ်၊ ‘ပုံကြီးမချဲ့ပါနဲ့၊ ပွဲပြီးသွားပြီဆိုတဲ့ပုံစံမျိုး အမှား မက်ဆေ့ခ်ျ (အချက်အလက်) မပေးပါနဲ့ ကျနော် တောင်းပန်တယ်။ ဒါပေမယ့် သူတို့ကလည်း သူတို့ရဲ့ ခရက်ဒစ် (ဂုဏ်တက်ဖွယ် အောင်မြင်မှုမှတ်တမ်း) ကို သိပ်လိုချင်တဲ့အခါကျတော့ အကြီးအကျယ် ထိုးတင်၊ ထိုးတင်တော့ အဲဒီမှာ ကျနော်တို့ ပြောတာက ‘ကျနော်တို့ကို အထင်မှားလိမ့်မယ်။ ကျနော်တို့ ခေါင်းဆောင်တွေကလည်း ကျနော်တို့ကို အပြစ်တင်လိမ့်မယ်’ ‘မင်းတို့က တို့ကိုလာပြီးတော့ ဖိအားပေးတာလားကွ၊ တို့ကိုလာပြီးတော့ ချောင်ပိတ်သလား” လို့ ပြောလိမ့်မယ်။ သတိထားပါလို့ ကျနော်တို့ သတိပေးခဲ့သေးတယ်။ သို့သော် ဒါကတော့ သူတို့ဘက်က ရှုထောင့်ပေါ့လေ။ သာသာထိုးထိုးလေး လုပ်ထားမှ တဖက်မှာလည်း စဉ်းစားချက်က ပိုပြီးတော့ လမ်းကြောင်းတည့်လာမယ်လို့ တွက်သလားတော့ မသိဘူးပေါ့။”

အလုပ်အဖွဲ့တွေ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်စာချုပ်မူကြမ်းကို တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေဘက်က ကြီးကြီးမားမား ပြင်ဆင်နိုင်ဖွယ်ရှိလား။

“ကျနော်တော့ မရှိဘူးလို့ ထင်တယ်။ ပြင်တာတော့မရှိဘူး။ ထပ်ထည့်တာတော့ ရှိမယ်။ ကျနော်တို့ အန်စီစီတီအဆင့်မှာ မပြတ်သေးတဲ့ အလုပ်လေး ၃၊ ၄ ခု ကျန်တယ်။ နိုင်ငံတကာ သက်သေထိုးမယ့်ကိစ္စတွေ၊ ပါဝင်လက်မှတ်ရေးထိုးမယ့်အဖွဲ့ အမည်စာရင်းတွေ၊ ပူးတွဲလေ့လာစောင့်ကြည့်ရေးဆိုတဲ့နေရာမှာ နိုင်ငံတကာက ပါဖို့တောင်းထားတာတွေ၊ ဒါတွေက ကျနော်တို့အဆင့်မှာ မရသေးဘူးဖြစ်တော့ ကျနော်တို့ရဲ့ ထိပ်သီးအဆင့်မှာတော့ ဒီဟာတွေကို ထပ်ပြီးတော့ တောင်းဆိုချင်လည်း တောင်းဆိုနိုင်တာပေါ့ဗျာ။ ဒါကတော့ ထိပ်သီးဆွေးနွေးပွဲကို ကြိုပြီးတော့ ခန့်မှန်းတာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ကိစ္စတွေကိုတော့ သူတို့ ထပ်ဖြည့်နိုင်တာပေါ့။ ပြင်တာတော့မဟုတ်ဘူး၊ ထပ်ဖြည့်နိုင်တဲ့အခြေအနေတော့ ရှိတာပေါ့။”

လိုင်ဇာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီလာခံကနေ အန်စီစီတီကို ဖွဲ့စည်းတာဝန်ပေးခဲ့တယ်။ လာမယ့်ညီလာခံမှာ အန်စီစီတီလုပ်ငန်းတာဝန်ကုန်ဆုံးလို့ ဖျက်သိမ်းမလား။ ဆက်ရှိမလား။

“ထိပ်သီးအဖွဲ့က မင်းတို့ မူကြမ်းလည်းရပြီ၊ အလုပ်လည်းပြီးပြီ၊ အောင်မြင်တယ်၊ ချီးကျူးတယ်၊ ဂုဏ်ပြုတယ်ပြောပြီးတော့ ကျတော်တို့ရတဲ့ရလဒ်ကို လက်ခံပြီးတော့ သူတို့ ဆက်လုပ်မယ်ခင်ဗျ။ သူတို့ ဆက်လုပ်တဲ့အချိန်မှာ အန်စီစီတီကတော့ သူတို့ရုပ်သိမ်းလို့ရနိုင်တာပေါ့။ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်တယ်။ Mandate (လုပ်ပိုင်ခွင့်) ကတော့ ကုန်နေပြီ၊ ပြီးနေပြီ။ မူကြမ်းရရေးက Mandate။ မူကြမ်းကရပြီဆိုတော့ ထိပ်သီးတွေကို အပ်ပြီးရင် ပြီးပြီ။ အဲဒါကြောင့် ရှေ့အဆက်ကတော့ ထိပ်သီးတွေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်။ နောက်လာမယ့် မူဘောင်ရေးဆွဲရေးတို့၊ နိုင်ငံရေးဆွေးနွေးပွဲတို့ ဒီအလုပ်တွေမှာတော့ ထိပ်သီးဆွေးနွေးပွဲကပဲ နောက်ထပ် ကော်မတီလား၊ သို့တည်းမဟုတ် မွမ်းမံတဲ့ ကော်မတီလား။ ပိုကြီးမားတဲ့၊ ပိုအားကောင်းတဲ့ ကော်မတီလား တခုခုတော့ လုပ်သွားမယ်လို့တော့ ကျနော် ယူဆတယ်။”

ယူအန်အက်ဖ်စီ ကြေညာချက်ထဲမှာ အပစ်ရပ်စာချုပ် မူကြမ်းရပေမယ့် လိုအပ်တဲ့ အကောင်အထည်ဖော်မှုရှိမှသာ အပြီးသတ်လက်မှတ်ရေးထိုးမယ်လို့ ပါရှိပါတယ်။ ဘာတွေကို ဆိုလိုတာပါလဲ။

“လိုအပ်တဲ့အကောင်အထည်ဖော်မှုရှိမှသာ ဆိုတာက ပဏာမ ရတာပဲ ထားထားပေါ့ဗျာ။ အဲဒီထဲမှာပါတဲ့အချက်အလက်တွေကိုတော့ မငြင်းပါဘူး။ သို့သော် ဒီအချက်အလက်တွေနဲ့အညီ လက်မှတ်ထိုးမယ်ဆိုရင် မြေပြင်ပေါ်မှာရှိနေတဲ့ တိုက်ပွဲတွေ၊ ရန်လိုမှုတွေ၊ ပဋိပက္ခတွေကိုတော့ လျော့နည်းသွားဖို့ သို့တည်းမဟုတ် ရပ်ဆိုင်းသွားဖို့တော့ လိုတာပေါ့။ အဲဒါတွေကို တာဝန်ရှိတဲ့ဘက်က သဘောထားကြီးကြီးနဲ့ ဒီစာချုပ်ကိုလက်မှတ်ထိုးနိုင်ရေးအတွက် ပတ်ဝန်းကျင်ဖန်တီးပေးဖို့အနေနဲ့ လုပ်လာမယ်ဆိုရင်တော့ ဒါ အကောင်အထည်ဖော်တယ်လို့ ပြောတာပေါ့။ အဲဒီလို အခြေအနေမျိုးမှာဆိုရင်တော့ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ထိပ်သီးတွေအနေနဲ့ ဆုံးဖြတ်ရတာ ပိုလွယ်ကူနိုင်တယ်ဆိုတဲ့အချက်ကို ထောက်ပြထားတာပါ။”

လက်ရှိတိုက်ပွဲဖြစ်နေကြတဲ့ တအာင်း၊ ရခိုင်၊ ကချင်နဲ့ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်တွေကရော တပြည်လုံးအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်နိုင်မှု ရှိမရှိအခြေအနေ။

“အားလုံးဟာ ထိပ်သီးမှာ ဆွေးနွေးဆုံးဖြတ်ရမယ့်ဟာတွေပဲ။ ပါနိုင်၊ မပါနိုင် ကျနော်ပြောရင် ဆန္ဒစောရာကျမယ်။ ထိပ်သီးအစည်းအဝေးမှာ ညှိကြမယ်။”

အန်ကယ်က အန်စီစီတီကိုယ်စားလှယ်အနေနဲ့လည်း တက်ရောက်လက်မှတ်ထိုးခဲ့တယ်။ ယူအန်အက်ဖ်စီမှာလည်း တာဝန်ရှိသူတဦးဖြစ်တော့ မတ်လ ၃၁ ရက်နေ့က အလုပ်အဖွဲ့နှစ်ခုအကြား လက်မှတ်ရေးထိုးသဘောတူနိုင်ခဲ့တဲ့အပေါ် မှတ်ချက်စကားပြောပြပါ။

“မှတ်ချက်ကတော့ ပဏာမအဆင့် အရှိအရှိအတိုင်းပဲ။ ကျနော်တို့ဆိုလိုချင်တာက အန်စီစီတီလုပ်ငန်းအဖွဲ့၊ ယူပီဒဗလျူစီလုပ်ငန်းအဖွဲ့၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ၃ ယောက်ပါတဲ့ လုပ်ငန်းအဖွဲ့ ဒီကြားထဲမှာတော့ ဒီအဆင့်ကို ရပြီလို့ ကျနော်တို့ ထိန်းထားတဲ့သဘော။ တပ်မတော်က သူ့အကြီးအကဲတင်မယ်။ ယူပီဒဗလျူစီကလည်း ကာလုံ (အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ) တို့၊ ယူပီစီစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ) တို့ တင်မယ်။ ကျနော်တို့ကလည်း ကျနော်တို့ ထိပ်သီးတင်မယ်။ အဲဒီကနေ ထွက်လာတဲ့ရလဒ်ကတော့ ကျနော်တို့ ဘယ်ပြောလို့ရမလဲ။ ကျနော်တို့ လုပ်ပိုင်ခွင့် Mandate က ကုန်ပြီ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013