Home
မြန်မာသတင်း
ဥရောပရဲ့ ပထမဦးဆုံး 3D အဆောက်အအုံ
DVB
·
April 8, 2015
အမ်စတာဒမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ ဥရောပရဲ့ ပထမဦးဆုံး 3D ပုံနှိပ်စက်နဲ့ ထုတ်လုပ်ထားတဲ့ အဆောက်အအုံကို တည်ဆောက်နေပါတယ်။ ဇီဝ-ပလတ်စတစ် အရောအနှောနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး အမျှင်ပါးပါး လေးတွေနဲ့ အားဖြည့်ထားတဲ့ သစ်ပင်အဆီ ၇၅ ရာခိုင်နှုန်း  ပါဝင်ပါတယ်။ ဒီအဆောက်အအုံက ခြောက်ပြစ်ကင်းလို့ မဆိုနိုင်ပေမယ့်  ရေရှည်တည်တံ့ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့အပြင် ဆောက်လုပ်ရေးအနာဂတ်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတခုပါလို့ ဒီယူအက်စ် ဗိသုကာရဲ့ ပူးတွဲ တည်ထောင်သူ ဟန့်စ်ဗာမယ်လန်က ပြောပါတယ်။ "ခုချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းက နည်းနည်းလေး ရှေးရိုးဆန်နေတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲလိုက်တဲ့အတွက် ဒီဆောက်လုပ်ရေးလုပ်ငန်းကို ပိုပြီး သွက်လက်တဲ့ လုပ်ငန်းတခုအဖြစ် အလုံးစုံ ပြောင်းလဲလိုက်နိုင်မယ်။ ဒါတွေကို အွန်လိုင်းမှာ share လို့ရမှာ ဖြစ်သလို အွန်လိုင်းကနေပဲ အိမ်နီးချင်းတွေအတွက် အဆင့်မြှင့်တာတွေ လုပ်ပေးမယ်၊ အကြံဉာဏ်ကောင်းတွေကို တကမ္ဘာလုံးကို share မယ်၊ ပြီးရင် အဲဒီအကြံဉာဏ်တွေကို စက်ထဲကို ပို့ပေးမယ်။" သမားရိုးကျ ဆောက်လုပ်ရေးလုပ်ငန်းတွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသလို အရည်အသွေးလည်း မမီဘူးလို့ ဗာမယ်လန်က ဆိုပါတယ်။ 3D ပုံနှိပ်စက်နဲ့ ထုတ်ထားတဲ့အိမ်တွေက အလေအလွင့်ရော သယ်ယူပို့ဆောင်ရေးစရိတ်ကိုပါ လျော့ချပေး နိုင်ပါတယ်။ ဒါ့အပြင် အိမ်ပိုင်ရှင်တွေ ပြောင်းရွှေ့ချင်ရင် အိမ်တွေကို ဖျက်ပစ်လို့ ရသလို ပြန်လည် တည်ဆောက်နိုင်ပါတယ်။ ဒီနည်းပညာက ဒီဇိုင်းဖန်တီးနိုင်စွမ်းတွေကို အကန့်အသတ်မရှိ ထုတ်လုပ်ပေးနိုင်တယ်လို့ သူက  ဆိုပါတယ်။ "ဒစ်ဂျစ်တယ်စနစ်သုံး ပုံတူပွားနည်းစဉ်ဟာ ကျနော်တို့အတွက်ရော၊ ဖောက်သည်တွေ အတွက်ပါ ကိုယ့်ရဲ့ ကိုယ်ပိုင်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဒီဇိုင်းတွေကို လိုသလို ချိန်ညှိ တည်ဆောက်သွားနိုင်မှာပါ။" ပြီးခဲ့တဲ့နှစ်က တရုတ်ကုမ္ပဏီဝင်းဆန်းက ပြန်သုံးပစ္စည်းတွေကို အသုံးပြုပြီး 3D ပုံနှိပ်နည်းစဉ်နဲ့ ဆောက်လုပ်ထားတဲ့ ၅ ထပ်အဆောက်အဦးကို ခင်းကျင်းပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းပညာဟာ ကနဦးအဆင့်သာ ရှိပါသေးတယ်။ ဗာမယ်လန်ရဲ့ အခန်း ၁၃ ခန်းပါ အဆောက်အဦဟာ ၂၀၁၇ ခုနှစ်မှာ ပြသဖို့ အဆင့်သင့် ဖြစ်နေပါတယ်။ [gallery ids="88776,88777,88778,88779,88780,88781"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024